လေငွေ့သွင်သွင်(၂၂)

161 10 0
                                    

Unicode
*********

အိမ်တိုင်းအိမ်တိုင်းဟာ မီးပုံးရောင်စုံလေးတွေ ချိတ်ကာတန်းကာ အသက်ဝင်လို့။ တစ်အိမ်လုံးမှအစ လူသွားလမ်းလေးတွေ ထိုင်ခုံတန်းလေးတွေမှာပါ ဖယောင်းတိုင်မီးခွက်လေးတွေဟာ စီစီရီရီ။ တစ်ချက်တစ်ချက် ကလေးတွေ ထထဖောက်သည့် ဗျောက်အိုးသံ မီးရှူးမီးပန်းသံဟာ ရပ်ကွက်တစ်ခုလုံးမှာ စည်စည်ကားကား။
သီတင်းကျွတ်လေပြီ။ ဘုန်းကြီးကျောင်းဆီမှ တရားသံက ခပ်တိုးတိုး။ ဆိုင်းသံ ဗုံသံနှင့် ကလေးသူငယ်တွေရဲ့ ဗျောက်အိုးသံတွေ အော်ဟစ်ဆော့ကစားသံတွေကြား တိုးမဖောက်နိုင်။

ပယင်းရဲ့ ကိတ်ဆိုင်လေးဟာလဲ တစ်ဆိုင်လုံး ဖယောင်းဆီမီးခွက်တို့ လင်းထိန်ကာ တံဆက်မြိတ်မှာ မီးပုံရောင်စုံတို့ တွဲလဲခိုလို့။  ဆိုင်ရှေ့မြေလွတ်မှာ ချစ်ထူးက မီးပုံကြီးကြီးဖိုထားကာ ဘေးမှာ ခုံတန်းချပြီး ကိတ်မုန့်အစိတ်လေးတွေ သူ့ဘူးနှင့်သူထည့်ကာ အထပ်လိုက်။ ခြံဝင်းထဲမှာလဲ ကလေးရော လူကြီးပါ ပြည့်နေပြီး ပယင်းရဲ့ သီတင်းကျွတ်ည ကိတ်အလကားချကျွေးခြင်း။ အိမ်လာသမျှကလေးတိုင်းကို ကိတ်ဘူးလေးတွေ ဝေပေးကာ  မီးရှူးမီးပန်းတွေ တဖောင်းဖောင်း ပစ်ဖောက်နေတာကြောင့် ပယင်းတို့ခြံဝင်းဟာ ဆူဆူညံညံ လှုပ်လှုပ်ရှားရှား။

ဒွေးကြည်က မီးဖိုဘေး ကိတ်မုန့်နှင့် ကော်ဖီထိုင်သောက်နေကာ ကလေးတွေကို သဘောတကျ ငေးလို့။ ချစ်ထူးကတော့ မုန့်ဘူးတွေ စနစ်တကျ ပြန်လိုက်ဖြည့်နေတဲ့ အိငယ်အနားမှာ တရစ်ဝဲဝဲ။
ပယင်းက ခုံတစ်လုံးနေရာချကာ ဂီတာတစ်လက်နှင့် ဒေါင်ဒေါင်ဒင်ဒင် သီချင်းညည်းလျက်။ နီယွန်ကလား...အဝတ်ရွေးနေလေရဲ့။ အိမ်မှာ အထပ်လိုက်ရောက်နေတဲ့ မင်္ဂလာဆောင် ဖိတ်စာတွေအတွက် ဘယ်နေ့ ဘာဝတ်စုံဝတ်မလဲ ထိုင်ရွေးနေလေရဲ့။ သီတင်းကျွတ်ပြီလေ ။

ည ၉နာရီကျော်တော့ တဖြည်းဖြည်းလူပါးသွားကာ ကလေးတွေရော လူကြီးပါ အိပ်ရာဝင်ကုန်ပြီ။နယ်မြို့လေးလေ။ ည ၈နာရီထိုးလျှင် ညနက်လှပြီထင်တဲ့မြို့လေးမှာ ၉ခွဲ ၁၀နာရီဆိုတာ အတော်လေး သန်းခေါင်နီးပါးထင်မှတ်ချင်စရာ။ ဖယောင်းဆီမီးခွက်တွေကို သေချာပြန်လိုက်သိမ်း ။ ထိုင်ခုံတွေ သေချာပြန်သိမ်းကာ ဒွေးကြည်နှင့် ချစ်ထူးက နန်းအိငယ်ကို အိမ်ပြန်လိုက်ပို့သည်။မိန်းမသားတစ်ဦးထဲကို ပြန်လွှတ်ဖို့ရာ အဆင်မပြေ။ ဒီမှာ ညအိပ်ခိုင်းဖို့ရာကလဲ ယောကျာ်းပျို ၃ယောက်ရှိတဲ့အိမ်မှာ ဘေးပတ်ဝန်းကျင်ရဲ့ အမြင်အရလဲ မသင့်တော်။

(Completed)လေငွေ့သွင်သွင် ဝှေ့ထင်ထင် ချစ်တေးသံစဉ် ပျံ့လွှင့်၏Where stories live. Discover now