Arc 1- ချစ်မိနေပြီလား ?( chapter - 14 )

113 11 3
                                    

နေ့စဥ် နေ့လည်တိုင်း၌ ရှန်းဝမ် ရင်မေချောင်ဆီသို့ ထမင်းဘူးလာပို့လေသည်။
နေ့စဥ် ပြဿနာအသေးစားမျိုးစုံကြောင့် ကျန်တဲ့တနေကုန်လုံးကို ရင်မေချောင်၏ရုံးခန်းထဲမှာပဲ ရှန်းဝမ် နေရလေ့ရှိသည်။
နောက်ဆုံးမှသာ ရင်မေချောင်နှင့် အတူပြန်သွားလေ့ရှိသည်။
188 မမြင်ချင်ယောင်ဆောင်ကာ ဖိုရမ်ထဲတွင်သာ သူကိုယ်သူပိတ်လှောင်ထားလိုက်တော့သည်။
သူ့ host က ဘယ်လို အလုပ်မလုပ်တာ ဒါမှမဟုတ် သူမကိုချစ်မိလာအောင် အမျိုးသမီးတစ်ယောက်ကို ဘယ်လိုလှည့်စားခဲ့တယ် ဆိုတာတွေကို သူ မပြောတော့ပေ။
မင်းကျရှုံးရင် ကျရှုံးတာပဲပေါ့ ဘယ်တတ်နိုင်မလဲ။
အခုထိ အလန်းမမြည်သေးဘူးလို့ ဝမ်ဝမ်မပြောဘူးလား။
ဒါပေမယ့် သူမ မစိုးရိမ်ပေမယ့် သူကတော့စိုးရိမ်နေမိသည်။
တစ်ယောက်က ကုမ္ပဏီကိုနေ့တိုင်း နေ့လည်စာယူလာပေးဖို့ ဆန္ဒရှိပြီး ပြဿနာသေးသေးလေးတွေဖြစ်အောင် တမင်တကာလုပ်ကာ ရုံးခန်းမှာဆက်နေလေသည်။
နောက်တစ်ယောက်က ထိုပြဿနာသေးသေးလေးတွေသည် တစ်ဖက်လူတစ်မင်တကာလုပ်တာဖြစ်ပြီး သူမ ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံဖြင့် ဖြေရှင်းနိုင်သည်ကို သိသော်လည်း ဘာမှမတတ်နိုင်သလိုဟန်ဆောင်ကာ တစ်ဖက်လူအားနေရစ်စေလေသည်။
နေ့လည်ခင်းတွင် အတူရှိနေကြဖို့ ဖွင့်မပြောဘဲအပြန်အလန်နားလည်မှုဖြင့် သူမတို့ သဘောတူခဲ့ကြသည်။
သူမတို့ နှစ်ယောက်ပျော်နေပေမယ့် ရင်ကုမ္ပဏီဝန်ထမ်းတွေကတော့ သိပ်မပျော်ကြပေ။
သူတို့အတွက် ဥက္ကဋ္ဌရင်က အမြဲတမ်း မြင့်မြတ်ပြီးသိမ်မွေ့ကျော့ရှင်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့တယ်။
ဒါပေမယ့် သူမလက်ထပ်ပြီးသွားကတည်းက သိမ်မွေ့ကျော့ရှင်းမှုနည်းပါးလာသည်။
အချို့သော အခမ်းအနားများတွင်ပါဝင်ခြင်းကလွဲပြီးတော့ ဥက္ကဋ္ဌရင် ဝတ်ဆင်သမျှသည် သူမဇနီးဝတ်ထားသည်နှင့် အမြဲလိုက်ဖက်ညီနေလေ့ရှိသည်။
တကယ့်ကိုခွေးစာလှိုင်းကြီးပေ။
သူတို့ခွေးစာတွေထပ်မစားချင်တော့ဘူး။

ဒီနေ့ ရှန်းဝမ် ရင်မေချောင်ကို ထုံးစံအတိုင်းနေ့လည်စာလာပို့လေသည်။
သူမ ကားပေါ်မှ ဆင်းကာ ရင်အဆောက်အုံဆီ သွားနေတုန်းရှိသေး လူတစ်ယောက်ရုပ်တရတ်ပေါ်လာကာ သူမအားတားလေသည်။
" ဝမ်ဝမ် "
ဟော်ဟန်၏ မျက်နှာချောင်ချနေကာ မုတ်ဆိတ်တွေလည်းမရိတ်ထားပေ။
သူ့မျက်လုံးတွေဟာ လွမ်းဆွတ်တမ်းတမှုတွေနဲ့ ပြည့်နှက်နေသည်။
" မင်း….. မင်းအဆင်ပြေရဲ့လား "
အတိတ်ကိုပြန်တွေးကြည့်လိုက်တော့ ဟော်ဟန်ကူကယ်ရာမဲ့ဖြစ်သွားသည်။
အစကတည်းက ဝမ်ဝမ်ကို သူ မလှည့်စားခဲ့ရင် သူတို့ခွဲခွာကြရမှာမဟုတ်သလို အဲ့ဒီ စက်ဆုပ်ဖွယ်ကောင်းတဲ့မိန်းမ ရင်မေချောင်သည်လည်း သူတို့ကြားကပြဿနာကို အခွင့်ကောင်းယူခွင့်ရမှာမဟုတ်ပေ။
ပိန်ချုံးနေသည့်ရှန်းဝမ် မျက်နှာလေးကိုကြည့်ကာ ဟော်ဟန်ပိုပြီးစိတ်မကောင်းဖြစ်လာမိသည်။
" ကျွန်မ အဆင်ပြေပါတယ် "
ရှန်းဝမ် ထမင်းဘူးအားကျစ်ကျစ်ပါအောင်ဆုပ်ကာ သတိကပ်ထားလိုက်သည်။
ဟော်ဟန် သူမကို ချက်ချင်းခေါ်သွားမှာတော့ မဟုတ်ဘူးမလား။
ပတ်ဝန်းကျင်မှာလူတွေနဲ့ဟာ။
ဟော်ဟန် ရဲစခန်းမှာ ရက်အနည်းငယ်ကြာအောင်ထပ်နေချင်တာမျိုးမဟုတ်သရွေ့ လူမြင်ကွင်းမှာ သူဘာမှလုပ်ရဲမှာ မဟုတ်လောက်ပေ။
သူ ဒီလိုပုံစံမျိုးနဲ့ သူမ၏ရှောင်မေဖမ်းမိအောင်လုပ်မှာ မဟုတ်ပေ။
ရှန်းဝမ် အဆင်ပြေတယ်လို့ ဟော်ဟန် မထင်ပေ။
သူ ရှန်းဝမ်ကို ထောင့်နားသို့ဆွဲခေါ်သွားလိုက်ပြီး
" ဝမ်ဝမ် ကိုယ်မင်းကို ရင်မေချောင် လက်ထဲကနေကယ်ဖို့ နည်းလမ်းစဥ်းစားနေတာ။ ကိုယ့်လုပ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ကိုယ် တကယ် မင်းအတွက်ကောင်းစေချင်တာပါကွာ "
ရှန်းဝမ် : ဒီအမှိုက်ကောင်က တကယ်ရူးနေတာပဲ။ ငါနဲ့ရှောင်မေရဲ့ ဆက်ဆံရေးကိုဖျက်ဆီးချင်နေတာ။
" ဟော်ဟန် ရှင်ဘာလုပ်ဖို့တွေးနေတာလဲ "
ရှန်းဝမ် စိုးရိမ်ပူပန်နေတဲ့အမူအရာနဲ့ လေသံတိုးတိုးလေးဖြင့်မေးလိုက်သည်။
" ဟော်ဟန် ရှင် ဘာကိုမှ ရူးရူးမိုက်မိုက်မလုပ်နဲ့နော်။ ရင်မေချောင် အဲ့ဒီယုတ်မာတဲ့မိန်းမက ရိုးရိုးရှင်းရှင်း ကိုင်တွယ်လို့မရဘူး။ သူမလက်ထဲမှာ ရှင့်နိုင်ကွက်တွေအများကြီးရှိနေတာ၊ ကျွန်မ ရှင့်အတွက်အရမ်းစိတ်ပူမိတယ်"
နည်းနည်းလေးမှ စိတ်မပူဘူးဟေ့
သူ့ကို ရှန်းဝမ် ဂရုစိုက်သေးကြောင်း ကြားရတော့ ဟော်ဟန်နွေးထွေးသွားသလိုခံစားရသည်။
" ဝမ်ဝမ် စိတ်မပူပါနဲ့။ ရင်မေချောင်ကိုဘယ်လိုဖြေရှင်းရမလဲဆိုတာ ကိုယ်သိသွားပြီ။
မင်းသာ ကိုယ်နဲ့ ပူပေါင်းဖို့ဆန္ဒရှိသရွေ့ ကိုယ်တို့လက်တွဲပြီး သူမကို အနိုင်ယူနိုင်မှာသေချာတယ်။
ပြီးတော့ ရင်မိသားစုကို အကြီးအကျယ်ထိခိုက်စေလိမ့်မယ် "
ရှန်းဝမ် စိတ်ထဲတွင် အခေါက်ပေါင်းများစွာကြိမ်ဆဲနေမိသည်။
ဒီခွေးကောင်က ငါ့ဆီ ရည်ရွယ်ချက်ရှိလို့လာတာဆိုတာ သိသားပဲ။
အပြင်ပန်းတွင်တော့ လေးနက်သည့်မျက်နှာဖြင့် သူမမေးလိုက်သည်။
" ဟော်ဟန် ကျွန်မ ရှင်နဲ့ ပူးပေါင်းမယ်။ ရှင်ကျွန်မကို ဘာလုပ်စေချင်တာလဲ "
188 : ငါမယုံဘူးဟေ့။ ဟော်ဟန် အသေဆိုးသွားလိမ့်မယ်။
" ဝမ်ဝမ် ရင်မေချောင်က မင်းကိုအရမ်းယုံကြည်တယ်မလား၊ သူမရုံးခန်းထဲကို မင်းစိတ်ကြိုက်ဝင်လို့ရတယ်မဟုတ်လား "
ရှန်းဝမ် မျက်လုံးလှိမ့်ကာ ဖြေလိုက်သည်။
" အွန်း "
" ဝမ်ဝမ် မင်းကအရမ်း…….. "
ဟော်ဟန် ရှန်းဝမ် နားနားကပ်ကာ သူ့အစီအစဥ်ကိုတီးတိုးပြောလိုက်သည်။
အဲ့ဒါကရိုးရှင်းပါသည်။
ရှန်းဝမ်က ရင်ကုမ္ပဏီ၏အရောင်းအဝယ်လျှို့ဝှက်ချက်တွေကို ခိုးယူပေးရမည်ဖြစ်သည်။
ထိုအရာများကို သူရထားသရွေ့ ရင်ကုမ္ပဏီ၏လေလံဆွဲခြင်းများ ၊ ပရောဂျက်များနှင့် အခြားအစီအစဥ◌်များတွင် ပြဿနာအကြီးအကျယ်တတ်လာပေလိမ့်မည်။
ရှန်းဝမ်က မပြုံးဘဲ အရမ်းလေးနက်သည့်ပုံပေါက်နေသည်။
အဲ့ဒါကို ဟော်ဟန်က သူ့ကိုကူညီချင်နေတာကြောင့်လို့ အထင်လွဲသွားလေသည်။
" ကောင်းပြီ၊ ကျွန်မ ရှင့်ကိုကူညီမယ် "
ရှန်းဝမ်သည် အပြုံးဖြင့်ထွက်ခွာသွားသည့် ဟော်ဟန်ကိုကြည့်နေပြီးနောက် ထမင်းဘူးကိုင်ကာ ရင်အဆောက်အုံဆီလျှောက်သွားလိုက်သည်။
" ဥက္ကဋ္ဌရင် ကျွန်မအကိုကို စောင့်ကြည့်ထားဖို့ ရှင်ပြောခဲ့သည်။ သူ ဘယ်မှာလဲဆိုတာ အသိပေးဖို့ ဖုန်းဆက်လိုက်တာ။
အခု သူ ရှန်းဝမ်ကိုတွေ့နေတယ်။ ရှင် သူမကိုစောင့်ကြည့်သင့်တယ် "
ရင်မေချောင် ဖုန်းကိုင်ထားကာ ဟော်ထင်ပြောတာတွေကိုနားထောင်နေရင်းဖြင့် ခုလေးတင်ဝင်လာတဲ့ emailကိုဖွင့်ကြည့်လိုက်သည်။
အဲ့ဒါက ဟော်ဟန်နှင့် ရှန်းဝမ် တွေ့နေကြသည့်ဓာတ်ပုံတွေဖြစ်လေသည်။
သူမ နှုတ်ခမ်းတွေကို တင်းတင်းစေ့ကာ ပုံထဲက ရှန်းဝမ်၏မျက်နှာလေးကိုစိုက်ကြည့်နေမိသည်။
" ဝမ်ဝမ်နဲ့ ပတ်သတ်ပြီးပြဿနာရှိလာမှာမဟုတ်ဘူး "
ဝမ်ဝမ် သူမကို သစ္စာဖောက်မှာမဟုတ်ဘူးဆိုတာ သူမ ယုံသည်။

နှိပ်စက်ခံဇာတ်လိုက်မလေးနှင့် ဗီလိန်အလှလေး ( Mm Translation ) ( GL / Yuri )Where stories live. Discover now