*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~ရောက်ရှိနေသော ပတ်ဝန်းကျင်သည် တိတ်ဆိတ်ခြင်းကင်းဝေးနေပေမယ့် တစ်စုံတစ်ယောက်၏ရှေ့ ရှိနေရခြင်းသည် အခြားသောမည်သည့်အသံမျှ မကြားရလောက်အောင် အသံဆိတ်နေသလိုခံစားရသည်။ နေရာဒေသကိုအကဲခတ်ကြည့်လိုက်တော့ တီဗီထဲတွင်မကြာခဏတွေ့ဘူးသည် လူချမ်းသားများ သွားနေကြ စားသောက်ဆိုင်တစ်ဆိုင်လိုပင်။
BaekHyun ပိုင်ဆိုင်သည့် ဆိုင်ခန်းထက်ပင် တန်ဖိုးကြီးမည်ဖြစ်သော မီးဆိုင်းများသည် တစ်ဆိုင်လုံးအပြည့် သူ့နေရာနှင့်သူရှိနေသည်။ စားပွဲခင်းနှင့် ထိုင်ခုံများသည်ပင် စိတ်ထင်နေ၍လားမသိ အတော်အဆင့်မြင်ပုံပေါ်၏။ လုံးဝရင်းနှီးမှုမရှိသည့် ဂန္နဝင်သီချင်းတစ်ပုဒ်ကတော့ ခပ်တိုးတိုးပျံ့လွင့်လို့နေသည်။
အနေခက်လာသည်မို့ BaekHyun ကိုယ်ကိုကျုံ့လိုက်မိသည်။ ပြောင်လက်နေသော လက်ဝတ်လက်စားများ၊ တန်ဖိုးကြီး ဖိနပ်များ၊ နာရီ..ပိုက်ဆံအိတ်စသည့် အပြင်ဆင်များကြားတွင် သူတစ်ယောက်ထဲသာ ဆွယ်တာအဝါတစ်ထည်ကို ခပ်နွမ်းနွမ်း ဂျင်းဘောင်းဘီတစ်ထည်ဖြင့် တွဲဖက်ဝတ်ဆင်ထားသည်လေ။
သိပ်ငယ်စိတ်ကသူ့အလိုလို မဖိတ်ခေါ်ပါပဲရင်ထဲပြည့်လျှံလာလေတော့ သူ့အလိုလိုခေါင်းငုံ့လိုက်မိ၏။
မျက်နှာချင်းဆိုင်တွင် ဟင်းပွဲများမှာယူနေသော သူထံ မသိမသာခိုးကြည့်မိတော့ နက်ပြာရောင်အနောက်တိုင်းဝတ်စုံဖြင့် သားနားလွန်းနေသည်။ လက်ကောက်ဝတ်တွင် ရွှေအိုရောင် နာရီတစ်လုံးသည် သူ့အားပိုပြီး ခန့်ညားစေသလိုလို။ သေသပ်စွာလှန်တင်ထားသော အညိုရောင်ဆံနွယ်တို့သည် သူနှင့်လိုက်ဖက်လှသည်။
"ပေါ်တင်ကြည့်လဲဖြစ်တယ်"
BaekHyun ခေါင်းကိုပိုငုံ့လိုက်မိသည်ထင်သည်။ ထိုသူသည် အသေးဖွဲလေးကစ အကုန်သိသူပီပီ ခိုးကြည့်နေတာကိုပင် သတိထားမိနေ၏။ တဖြေးဖြေးစိတ်ကျဉ်းကျပ်လာသည်မို့ စားပွဲပေါ်မှ ဝိုင်ခွက်ထဲရှိ ဝိုင်အစားရေတို့ကို တစ်ကျိုက်ထဲ မော့သောက်ပလိုက်သည်။