အပိုင်း(၃၈)
ခွန်မင်း ပြောပြသမျှကို သေချာလေးနားထောင်ပေးနေသည့် နောင်ငယ့်ကို ငေးငေးလေး စိုက်ကြည့်နေမိသည်။မည်သည်ကိုမျှ မှတ်မိပုံမပေါ်သည့် နောင်ငယ် မှတ်မိလာအောင်စောင့်မည်တွေ ဘာတွေ သူ ဒရာမာ မချိုးချင်။ အဓိက က နောင်ငယ် သူ့ကို မြန်မြန်မှတ်မိလာရန်သာ။
“ဒီတော့ ဒီက အကိုပြောတာ တွေ ကျွန်တော်က ယုံရမှာပေါ့.။စဉ်းစားကြည့်ပါဦးဗျာ.ကျွန်တော်ကဘယ်လိုလုပ် ရှိလားတောင်မသိတဲ့ အသင်္ခယာခေတ်ဆိုတာကို ရောက်ရမှာလဲ.။ပြီးတော့ အကိုနဲ့ ချစ်-”
နောင်ငယ် စကားစရပ်လိုက်သည်။သူ ယောကျာ်းလေးချင်းချစ်တာကို မထူးဆန်းပေမယ့် သူကိုယ်တိုင် အဲ့လိုချစ်လိမ့်မည် လိုတော့ မထင်မှတ်ဖူး။ထို့ပြင် ခု ဒီစကားတွေကို သူ နားမလည်။ယုတ္တိမှမရှိတာ။
“အားတော့နာပေမယ့် အကိုလူမှားနေတယ်လို့ပဲ ပြောပါရစေ.။”
“လူမှားစရာလား နောင်ငယ်ရယ်။ မြတ်မြတ်နိုးနိုးချစ်ခဲ့ရတဲ့ သူကို ကိုယ် ဘယ်လိုလုပ်လူမှားနိုင်မှာလဲ”
နောင်ငယ်မျက်နှာ ပူရှိန်းရှိန်းဖြင့် နီရဲလာသည်လားတောင်မသိတော့ပါ။ ယောကျာ်းလေးတစ်ယောက်ဆီက ချစ်စကားကို ကိုယ်တွေ့နားထောင်နေရသည့်အဖြစ်။
“ဒါပေမယ့် ကျွန်တော် မှမသိတာ.။ပြီးခဲ့တဲ့ တစ်နှစ်က ကျွန်တော်လည်း အက်ဆီးဒင့်ဖြစ်ခဲ့တာမို့ ခု အကိုပြောနေတဲ့ အကြောင်းအရာတွေ ကမဖြစ်နိုင်ပါဘူး။ဒါဆို ခွင့်ပြုပါဦး.။အအေးဖိုးလည်းရှင်းခဲ့ပါ့မယ်.”
ကျောပိုးအိတ်ကို ချက်ချင်းကောက်လွယ်ကာ နောင်ငယ် ထရပ်တော့ သူလည်း ပြိုင်တူထရပ်လိုက်သည်။သူတို့ထိုင်သည့် ဆိုင် က အတွင်းဘက်တွင် သစ်ပင်ရိပ်တွေအောက်က စားပွဲဝိုင်းလေးတွေမို့ တစ်ဝိုင်းနှင့်တစ်ဝိုင်းက နည်းနည်းတော့ လှမ်းသည်။
“ကိုယ် ထပ်လာတွေ့ပါ့မယ်။နောင်ငယ် မှတ်မိလာအောင် ကိုယ်ကြိုးစားပါ့မယ်။ကိုယ်တို့ တွေ့ကြမယ်လေနော်.။”
“ဟင့်အင်းတွေ့စရာမှမရှိဘဲကိုး။သွားလိုက်ပါဦးမယ်”
မှိုင်းရီညှို့နေသည့် လွမ်းရိပ်တွေနှင့် ခွန်မင်းဆိုသည့် ထိုသူကို နောင်ငယ် ကျောခိုင်းလာပြီးမှ စိတ်မသက်မသာ ဖြစ်နေရသည်။သူ ပြောတာတွေ ဖြစ်မှမဖြစ်နိုင်။ဒါပေမယ့် မသိစိတ်ထဲက သူ့ကိုပစ်ပစ်ခါခါပြောပစ်လိုက်ဖို့ကတော့ဖြင့် လည်း မတတ်နိုင်လေ။
ဆိုင်ပေါက်ဝရောက်ပြီးမှ သက်ပြင်းချရင်း ဆိုင်ထဲ ခပ်သွက်သွက်ပြန်ပြေးဝင်လာခဲ့လိုက်သည်။ခွန်မင်း သည် ထိုနေရာတွင် ထိုင်နေဆဲ။ကျောပိုးအိတ်ထဲက ဆောင်နေကျ အပြာရောင် Sticky Notes လေးတစ်ရွက်ကိုဆုတ်ကာ ဖုန်းနံပါတ်တစ်ခု ရေးလိုက်သည်။
YOU ARE READING
Romance၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေးသူ၏ဖန်တီးစိတ်ကူးမှု သက်သက်သာ ဖြစ်ပါသည်။ Book Cover_ Lucy Xellies Written in Myanmar Language.~