Part 8

2.6K 126 1
                                    

နှင်းဆီမိုးစက်
အပိုင်း (၈)
#နှင်းဆီမိုးစက်

"မော်…"
"ဘာလည်း…"
"ဟ…လေသံ မာလှချည်လား.."
မော် အလုပ်ခန်း မှာ ထိုင်နေတုန်း တက်တက်ကြွကြွ ၀င်လာရင်း မလိုလားတဲ့ တုန့်ပြန်မှုကို ရယ်ကြဲကြဲဖြင့် မျက်နှာပြောင်တိုက်နေသေးသည်.။
ဆိုင်ထဲ၀င်လာချိန် တစ်ချက်ကြည့်လိုက်တော့ အသားဖြူတဲ့သူက သားရေဂျာကင် အနက်နဲ့ ဘောင်းဘီ အနက် ၀တ်ထားတာ ထင်းနေသည်..။
ရှေ့က ကွန်ပျူတာ မျက်နှာပြင်ကို ကြည့်လိုက်တော့ ကင်မရာမှာ ပေါ်နေတာ ၀န်ထမ်းကောင်မလေး နှစ်ယောက် သူ့ကို လည်ပြန်ကြည့်ရင်း စကားပြောနေကြသည်…။
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆို…ဘာဖြစ်လို့ ငါ့ဆီလာသေးလည်း..။
မော်…နှုတ်ခမ်းမဲ့လ်ိုက်ကာ စိတ်ထဲ မကျေမနပ် ဖြစ်လာလို့ ရှေ့က မောက်စ် ကို ခပ်ဖိဖိ ဆွဲနေမိသည်…။
"ဘာတွေ လုပ်နေတာလည်း.."
မော်ထိုင်နေတဲ့ ရှေ့ကနေ ပတ်ပြီး အနားမှာ လာရပ်ကြည့်တော့ မကြည်မလင်ဖြင့် မော့ကြည့်လိုက်သည်..။
"မင်း အလုပ်မဟုတ်ဘူးထင်တယ်…"
"ဟုတ်ပါတယ်…ငါ့ အလုပ်မဟုတ်ဘူး..ငါ့ အလုပ်က သပ်သပ်….သြော်..ဒီမှာ….ဒါ လာရွေးခိုင်းတာဟ…"
မော့်ဘေးကနေ ပြန်ခွါပြီး စားပွဲရှေ့ကို သွားကာ လက်ထဲမှာ ပါလာတဲ့ စာရွက်တွေကို ထုတ်ချပေးသည်..။
သူ့ဆီကို ဘာမှလည်း မခိုင်းထားပါပဲ …ဘာတွေ လာရွေးခိုင်းနေတာလည်း..။
မော် စာရွက်တွေကို ဆွဲယူကြည့်လိုက်တော့ ဂါ၀န်ပုံ နှစ်ပုံကို ပုံကြမ်းလိုလို ဆွဲထားပြီး အနီနဲ့ အစိမ်း ခြယ်ထားသည်..။
"ဒါဘာလည်း…"
"ရွေးပေး…ငါ…အရောင်မရွေးတက်လို့.."
"ဟမ်…."
မော် နားမလည်နိုင်သလို ပြောလိုက်တော့ နှာခေါင်းကို ကုတ်ကာ တစ်ချက်ရယ်ပြီး စာရွက်တွေကို ယူ၍ စားပွဲမှာ ချသည်..။
"မင်း…ရွေးလို့ ရအောင်..ပြောပေးမယ်..မင်းသမီးTayarကို ..မင်း သိတယ်မလား…သူက ပွဲတစ်ခု တက်စရာရှိလို့တဲ့…အဲဒါ ပွဲနဲ့ လိုက်တဲ့ ၀တ်စုံကို ငါ ဒီဇိုင်းဆွဲပြီးပြီ…ဒါပေမဲ့ အရောင်ကျတော့ မခွဲနိုင်ဘူးဖြစ်နေတယ်….အစိမ်းရောင်ဆိုရင် လက်၀တ်ရတနာတွေက မြ နဲ့ ကျောက်စိမ်း သုံးလို့ရတယ်…အနီဆိုရင် ပတ္တမြားပေါ့…ဘယ်အရောင်လေး ကောင်းမလည်း.."
သူ့အလုပ်တွေကို စိတ်ပါလက်ပါ သေချာ ရှင်းပြနေတော့ မော် စာရွက်တွေကို တစ်ချက်ကြည့်ပြီး အရောင်ရွေးပေးဖို့ စိတ်ရှုပ်မိသည်..။
အရင်တုန်းကလည်း ပြောခဲ့သားပဲ…"ငါ မျက်လုံးထဲမှာ အဖြူအနက်ကိုပဲ ကွဲတယ်ထင်တာ" ဆိုတာ မေ့သွားပြီလား မိုးရယ်…။
"ဟင်…ဘယ်ဟာလည်း..ကောင်းလည်း…"
"သိပ်တော့ မရွေးတက်ဘူး..အစိမ်းက ပိုကောင်းမယ် ထင်တယ်…"
"အိုကေ….သိုင့်ခ်.."
စာရွက်တွေကို ကောက်ထပ်သိမ်းပြီး အခန်းထဲကို တစ်ပတ်ဝေ့ကြည့်ကာ ပြုံးလိုက်တော့ မရိုးသားတဲ့ အပြုံးမှန်း သိလိုက်ပါသည်..။
"ဒါပဲမလား..ပြန်တော့လေ…"
"ကိုလွင် မရှိဘူးမလား.."
"အင်း.."
"ဟဲဟဲ..ဒါဆို နေလို့ရသေးတာပဲ…"
"ငါ မအားဘူး.."
"ဟာ…နှင်တာလား..တကယ်ဆို ငါ က ပိုမအားတာ မင်းသိပါတယ်.."
မော် ဘာမှ ပြန်မပြောပဲ အလုပ်ရှာရင်း လပ်တော့ပ်ကို သာ ကြည့်နေရသည်..။
ဒီပုံစံ အတိုင်းဆို လွယ်လွယ်နဲ့တော့ ပြန်ဦးမယ် မထင်ဘူး…။
ဘာလုပ်ရင်ကောင်းမလည်း..။
"မင်း..ဘယ်လို ပုံစံ တွေ၀တ်ထားတာလည်း.."
"ဘာကိုလည်း…"
မော် အလန့်တကြား ကြည့်ကာ ပြန်မေးလိုက်တော့ မျက်မှောင်ကြုတ်ရင်း မေးငေါ့ပြသည်..။
အပေါ်ထပ် ပွပွကြီးနဲ့ ကြည့်ရဆိုးနေလို့လား..။
အိုး…သူကြည့်ရဆိုးလည်း ကိုယ်အဆင်ပြေရင် ပြီးတာပဲလေ…။
"ကိုလွင် ဘယ်တော့ပြန်လာမလည်း.."
"ခဏဆို ပြန်လာမှာ.."
"ဟား..ဟား…လိမ်တာမလား…လာကွာ…တစ်ခုခု သွားစားရအောင်…ငါ ဗိုက်ဆာတယ်.."
"ငါ မဆာဘူး.."
"အိုး…မင်း..အရမ်းချေနေတယ်နော်…"
"ချေတယ်ထင်ရင် မလာနဲ့ပေါ့ကွာ…"
"ခုမှ ချေတာပါ…တစ်ချိန်တုန်းက မိန်းကလေး ဖြစ်ပြီး ချစ်တယ် အရင် ၀န်ခံထားတာမလား…"
"……."
"ဟင်…မှတ်မိတယ်မလား…ဟင်…ဟင်…."
ကိုယ်ကို ရှေ့ကိုင်းပြီး မော့် မျက်နှာကို ကြည့်ရင်း စသလို နောက်သလို ပြောနေတော့ သူ့ကို မော့မကြည့်ပေမဲ့ မျက်နှာကို တည်တင်း ထားလိုက်သည်..။
မင်း ဘာတွေ ဖြစ်နေတာလည်း…ပြန်စမ်းပါကွာ….ငါ စိတ်ညစ်လိုက်တာ..။
မော့်စိတ်ထဲက အော်ဟစ်ပြောဆိုနေပေမဲ့ ဘာတစ်ခွန်းမှ မထွက်မိအောင် စိတ်ကို ချုပ်ထိန်းထားရသည်..။
"ငါ ယောက်ျားလေးတွေကို စိတ်မ၀င်စားတော့ဘူး..မိုး.."
"ဟား..ဟား…ဒါ ကို ငါက ယုံမယ် ထင်နေလား…"
မော့် ရှေ့မှာ ချထားတဲ့ အိတ်ကို ကောက်ယူပြီး ဖွင့်ကြည့်ကာ စပ်စုနေသည်..။
"အိုး…ပိုက်ဆံပဲလား…မိန်းကလေး တစ်ယောက် အိတ်ဖြစ်ပြီး ရိုးလိုက်တာကွာ…."
ပိုက်ဆံ အိတ်ကို ပြန်ချပြီး အိတ်ဘေးက ဖုန်းကို ကောက်ယူကာ ဖွင့်ကြည့်နေသည်..။
ကျစ်…လော့ခ်ချထားသင့်တာကိုကွာ..။
မော့်ရဲ့ ရိုးရှင်းတဲ့ ဖုန်းထဲမှာ သူ အထင်မှားစရာတွေ မရှိတာမို့ ကွန်ပျူတာ ပေါ်က ကိန်းဂဏန်းတွေပဲ ပြန်စစ်နေမိသည်..။
"အကြင်နာတွေ ပေးတိုင်း 🎼 အကြင်ပြန်ရမယ်…ယုံမှတ်ပြီး…အရာရာပုံပေးပြီး…ဒါဟာ ကိုယ်အမှားလေ….ကြုံဖူးပြီ…ထာ၀စဉ် သိပ်ချစ်တက်လို့🎼 မှားတက်သူမှာ…ရင်ခုန်သင်ရိုး ညွှန်းတမ်းတ…ဒဏ်ရာ🎼 သင်ခန်းစာပဲကွယ်…ဟိုစဉ် ဘ၀ရဲ့ကျောင်းထဲ ချစ်ဖတ်စာကို🎼 သေချာ မကျေညက်ခဲ့တော့လည်း…ဒဏ်ရာတွေပဲ  ကိုယ်ရတယ်…မှားပြန်တယ်…ပညာစုံ သုံးလို့ အရည်ပျော်အောင် ကိုယ့်ကို ပြုစားတယ်…ဝေဒနာတွေ ပေပြီး မဆုံနိုင်တဲ့ အဝေးဆီ ထွက်သွားတယ်..🎼 ဟိုစဉ် ဘ၀ရဲ့ကျောင်းထဲ ချစ်ဖတ်စာကို သေချာ မကျေညက်ခဲ့တော့လည်း…ဒဏ်ရာတွေပဲ  ကိုယ်ရတယ် ထာ၀စဉ် သိပ်ချစ်တက်လို့ မှားတက်သူမှာ…ရင်ခုန်သင်ရိုး ညွှန်းတမ်းတ…ဒဏ်ရာ သင်ခန်းစာတဲ့ကွယ်…မှားပြန်တယ်…ထာ၀စဉ် သိပ်ချစ်တက်လို့ မှားတက်သူမှာ…ရင်ခုန်သင်ရိုး🎼 ညွှန်းတမ်းတ…ဒဏ်ရာ သင်ခန်းစာပဲကွယ်… ဟိုစဉ် ဘ၀ရဲ့ကျောင်းထဲ ချစ်ဖတ်စာကို သေချာ မကျေညက်ခဲ့တော့လည်း…ဒဏ်ရာတွေပဲ  ကိုယ်ရတယ်…မှားပြန်တယ်…🎼"
မော့် ဖုန်းထဲက သီချင်းသံ ခပ်တိုးတိုးဖွင့်ထားတာကို သူက ကျယ်ပစ်လိုက်ကာ သီချင်းဆုံးအောင် နားထောင် ရင်း ခပ်တိုးတိုး လိုက် ဆိုနေသေးသည်..။
အဲလို ပိုင်စိုးပိုင်နင်း လုပ်ခွင့် သူ့မှာ ရှိနေတာလား..။
အိုး..ရှိရှိ မရှိရှိ…သူလုပ်ချင်တာ သူ လုပ်နေတာပဲလေ..။
ဟူး…သူ နဲ့လက်ထပ်တော့မဲ့ ကောင်မလေး ကို တွဲတွေ့တုန်းခါစ မှာ ရင်ထဲက နာကျင်ရတယ်…စိတ်မကောင်းဖြစ်ရတယ်…။
အခုလို ကျတော့လည်း…ကိုယ့်ရဲ့ ၀မ်းနည်းမှုတွေက အတ္တတွေ ပါ၀င်နေတာပဲ..။
သူ့ဟာသူ အဆင်ပြေသွားမဲ့ကိစ္စကို ဘာဖြစ်လို့ ပြောင်းလဲအောင် စိတ်ကူးယဉ် မိတာလည်း..။
မိုးရယ်….မင်းလိုလူကိုပိုင်ဆိုင်ချင်တဲ့ အတ္တတွေက အရင်ကတည်းက ရှိနေခဲ့တာပါ…။
အဲဒါက ငါ့ရဲ့ အနက်ရှိုင်းဆုံး အမှားတစ်ခုပေါ့…။
မပြတ်သားတဲ့ နှလုံးသားနှစ်ခုမှာ ကိုယ့်ခံစားချက်ကို ဦးစားပေးသူက ပိုမှားတာပါလေ..။
"ငါ..သွားစရာ ရှိတယ်…"
သီချင်းသံ ထွက်နေတဲ့ သူ့လက်ထဲက မော့်ဖုန်းကို ဆွဲယူပြီး ထ ရပ်လိုက်တော့ မျက်မှောင်ကြုတ်ကာ သူလည်း လိုက်ထသည်..။
ခုံကို ပြန်သွင်းပြီး စားပွဲ ပေါ်က သူ့စာရွက်တွေကို ကောက်သိမ်းရင်း မော့်ဆီကို တစ်ချက်ကြည့်ကာ အကဲခတ် နေပြန်သည်..။
ဘာတွေ ရှာချင်နေတာလည်း မိုး….မရှာနဲ့….ငါ နဲ့ မင်း ကြားမှာ ဘာခြားနားမှုမှ မရှိခဲ့ဘူး…။
မင်း နဲ့ ငါ အမြဲတမ်း တစ်သားတည်းပဲလေ..။
အဲလို ဖြစ်အောင် ငါ့ရဲ့ ဘ၀ ဖြစ်တည်မှုကိုတောင် ငါ စတေးဝံ့တယ်…ဒါ လည်း ငါမှားတာပဲလား..။
သူ့ကို မသိချင်ယောင်ဆောင်ပြီး ဖုန်းနဲ့ အိတ်ယူကာ အခန်းထဲက ထွက်လာချိန် ရင်ဘတ်ထဲက နာကျင်ရသည်..။
ရင်ဘတ်ထဲ နာကျင်နေပေမဲ့ ဘာမှ မဖြစ်သလို ဟန်ဆောင် ကျောခိုင်းပြီး ထွက်လာခဲ့တဲ့ ဒုတိယ အကြိမ်ပဲလေ..။
အမြဲတမ်း သူ ထွက်သွားတာကိုပဲ ငေးကြည့် ကျေနပ်ချင်ခဲ့တာပါ….ကံကြမ္မာက လုပ်ချင်တာတွေ ကို လုပ်ခွင့်ပေးချင်မှ ပေးတာလေ…။
ငါ…အခုတော့ သိလိုက်ပြီ..ငါ့ အိပ်မက်တွေက ကန့်သတ်ချက်တွေ များသား မိုးရယ်..။
.
"ဟူး.."
ကျောခိုင်းထွက်သွားတဲ့ မော့်ကို ကြည့်ရင်း မိုးစက် သက်ပြင်းချလိုက်ကာ စာရွက်တွေကို ကောက်ယူ၍ ထွက်လာခဲ့လိုက်သည်..။
သူ နဲ့ တွေ့ချင်လို့ လာခဲ့တာကို သူ့အလုပ်ခန်းထဲ တစ်ယောက်တည်း ထိုင်ပြီး ဘာလုပ်ရမှာလည်း..။
"ပြန်တော့မလား..အစ်ကို…"
"ဟုတ်ကဲ့…"
တစ်ခါမှ မသိသည့်  အရောင်း၀န်ထမ်း ကောင်မလေး က နှုတ်ဆက်တော့ မိုးစက် ပြုံး၍ ပြန်နှုတ်ဆက်လိုက်သည်..။
ဆိုင်ရှေ့ကို ရောက်တော့ သူ့ကား ခဲရောင်လေးက ခပ်ဝေးဝေးကို ရောက်သွားပြီ..။
မော်…မင်း ဘာလို့ ငါ နဲ့ ဝေးရာကို ပြေးချင်နေတာလည်းကွာ…။
မင်း အချစ်တွေကို တန်ဖိုး မထားခဲ့မိလို့ ဒဏ်ခတ်ခြင်း တစ်မျိုးလား..။
"ဟလို…"
"ဟုတ်ကဲ့….မိုးစက် ပြောနေပါတယ်…"
ကားမောင်းနေရင်း  ဖုန်းကို ဖွင့်ပြီး နားထောင်လိုက်ချိန် တစ်ဖက်က မိန်းကလေး အသံဆိုပေမဲ့ ဘယ်သူမှန်း သေချာမသိ..။
"အိုး..ကိုကိုကလည်း….ခြူးအသံကိုတောင် မသိတော့ဘူးလား…"
"အိုး..ဆောရီ..ခြူးရယ်…"
"ထားပါတော့…အလုပ်များနေတဲ့သူပဲ…ခြူး အကူအညီတစ်ခုလောက် တောင်းချင်လို့ ကိုကို.."
"ပြောလေ…"
"ခြူးအတွက် bride dress လေး စီစဉ်ပေးလို့ရမလား.."
"ရတာပေါ့…ခြူးရဲ့….ရှုတင်ကို ပို့ပေးရမှာလား.."
"ဟုတ်ဘူး…ကိုကိုရဲ့..ခြူး wedding အတွက်…"
"သြော်…ခြူး လက်ထပ်တော့မှာလား…"
"အင်း..မာမီတို့လေ…အတင်းပဲ…ငယ်ငယ်လေး ရှိသေးတာကို…ဇွတ်…"
ခြူးက ညီမလေး တစ်ယောက် အစ်ကိုကြီးကို တိုင်သလို ခပ်နွဲ့နွဲ့ လေး ပြောနေတော့ မိုးစက် ပြုံးမိသည်..။
အခုလို ချက်ချင်း စီစဉ်လိုက်တာလည်း ကောင်းပါတယ်..။
မိုးစက်ကြောင့် တစ်ဖက်က သိက္ခာ နဲ့ မာနလည်း အတော် ထိခိုက်သွားမှာ သိလို့ အားနာရသေးသည်..။
"ကိုကို အလှဆုံး စီစဉ်ပေးမယ်လေကွာ.."
"အင်း..အင်း…ဘာပဲဖြစ်ဖြစ် ဂါ၀န်လှလှလေး ၀တ်ရမှာဆိုတော့ မဆိုးပါဘူး..ဟိဟိ…"
"စိတ်သာချ….ဘယ်သူနဲ့မှ မတူစေရဘူး.."
"တကယ်…ကျေးဇူး အကြီးကြီး…ဒါပဲနော်..ကိုကို နောက်မှ ထပ်ပြောမယ်…"
"အိုကေ…"
ဖုန်းချသွားတော့ မိုးစက် ခေါင်းထဲမှာ ဒီဇိုင်းတွေကို ပုံပေါ်နေတော့သည်..။
ကားမောင်းနေရင်း လည်း ဦးနှောက်ကို တစ်ချက်မှ အနားမပေးပဲ အလုပ်တွေကို တန်းစီ တွေးတောနေရသည်..။
ဒါပဲလေ…။
မာမီပြောတဲ့ ခေါင်းခြောက်တဲ့ အလုပ်ဆိုတာ…။
သတို့သမီး ၀တ်စုံ ကိစ္စ စီစဉ်ရင် သတို့သား၀တ်စုံလည်း ထည့်စဉ်းစားပေးရသေးသည်..။
မိုးစက် စီစဉ်ပေးရတဲ့ အနောက်တိုင်း မင်္ဂလာ ၀တ်စုံတွေဆိုရင် အကုန်လုံးက သဘောကျကြသည်..။
ဒါပေမဲ့ နောက်မှာ စကားတစ်ခွန်းတော့ အမြဲ  ကပ်ပါလာတက်သည်..။
"ကိုမိုးနော်….လူတကာကို ၀တ်စုံစီစဉ်ပေးနေတာ ကိုမိုးပွဲကကော ဘယ်တော့လည်း.."
"ဟုတ်တယ်..တို့လည်း စိတ်၀င်စားတယ်…နာမည်ကျော်ကြီးရဲ့ ပွဲက သူများထက် ထူးနေမှာတော့ သေချာတယ်…"
"ဒါပေါ့…ဒါပေါ့…"
မိုးစက် စကား ခပ်နည်းနည်းဖြင့်ပင် ဟာသ ဖောက်ကာ ပြောလိုက်သော်လည်း စိတ်ထဲမှာတော့ ကိုယ့်အတွက် တစ်ခါမှ မစဉ်းစားခဲ့ဖူးပါ…။
ဒါဖြင့် မိုးစက် နဲ့ မော်တို့ ကကော ဘာလည်း..။
လက်ထပ်ပွဲ မလုပ်ခဲ့တဲ့ လင်မယားတွေလေ..။
နိုင်ငံကျော်တွေတောင် လက်ထပ်ပြီး တစ်နှစ်ကြာမှ မင်္ဂလာပွဲ လုပ်ကြသေးတာပဲ..။
မော့်ကို ပြန်စည်းရုံးလို့ရရင် သူနဲ့ လက်ထပ်ပွဲ လုပ်ရမှာပေါ့…။
အဲဒီ့ မင်္ဂလာပွဲက တော်တော်လေးကို ဆန်းသစ်လှပနေရမယ်…။
ပြီးတော့ မင်း အရမ်းလှနေမယ်လို့ ငါ ထင်တယ် မော်…။
လှမှာပေါ့ ဘယ်သူ စီစဉ်တာ မို့လို့လည်း..။
မိုးစက် ကိုယ့်အတွေးနဲ့ ကိုယ် ရယ်လိုက်ရင်း မီးပွိုင့် မိနေချိန် သူနဲ့ ကိုယ်လက်ထပ်ဖြစ်တဲ့ အကြောင်းအရင်းကို ပြန်စဉ်းစားမိသည်..။
.
🌹🌧🌹🌧
"ကဲ…ပြော…"
မိုးစက် မျက်နှာ တစ်ခုလုံး ရှုံ့မဲ့သွားကာ မျက်မှောင်ကြုတ်ကြည့်လိုက်တော့မှ သူ့ အပြစ်သူ သိသလို ရယ်ပြသည်..။
မျက်နှာကတော့ ကပျာကယာ သစ်လာတဲ့ ပုံစံ ပါပဲ..။
ဒါကြောင့်လည်း နားသယ်စပ် ဆံပင်တွေ စိုနေတာပေါ့..။
အမြဲတမ်း သပ်သပ်ရပ်ရပ် နေဖို့ ပြောပေမဲ့ ဖုန်းဆက် ခေါ်လိုက်ရင် ဒီပုံစံနဲ့ပဲ ထွက်လာတာပဲလေ..။
ဂျင်းဘောင်းဘီ အစုတ်နဲ့ တီရှပ် အပေ တစ်ထည်အပြင် ဦးထုတ်တစ်လုံးကလည်း အမြဲဆောင်းထားသေးသည်..။
စသိတုန်းကတော့ မုန်းလွန်းလို့ ကလဲ့စားချေဖို့ စီစဉ်ထားပေမဲ့ ကိုယ်လည်း သူနဲ့ အတော်ခင်မိသွားပြီးတဲ့နောက် ခေါင်းစဉ်တွေလွဲသွားသည်..။
သူငယ်ချင်း တစ်ယောက်အနေနဲ့ဆိုရင် ဝေယံထက် ပိုပြီး သူ က တိုင်ပင်လို့ ကောင်းသည်..။
မိုးစက် အလုပ်နဲ့ ပတ်သက်လာရင် ဝေယံ့လို အကန်တွေ ပိတ်မပြောပဲ မိုးစက် ပြောသမျှကို နားမလည်လည်း နားထောင်ပေးသည်..။
အိမ်နဲ့ အဆင်မပြေတဲ့ အကြောင်း..အကြီးတွေကို မိဘတွေက စံပြထားပြီး မိုးစက်ကို ဘယ်လို နှိမ်ကြောင်းတွေပါ ရင်ဖွင့်မိသည်..
အခုလည်း သင်တန်း တစ်ခုတက်ဖို့ တိုင်ပင်ရမဲ့လူ မရှိတာနဲ့ သူနဲ့ ချိန်းမိတာ..။
အခုတော့ သူ့ကို အရင်ပြင်ပေးရမလိုလို ဖြစ်နေပြီလေ…။
"မင်းကွာ..ဒီလောက် ပြောထားရဲ့သားနဲ့.."
"ဟဲဟဲ….မင်းက ခုတွေ့ချင်တယ် ပြောတာကိုးကွ…ပြီးတော့ ငါက ငါ့ကို စောင့်နေရတာမျိုး မကြိုက်ဘူး…အားနာတယ်…"
"နေစမ်းပါဦး..မင်းတို့အလုပ်က ဘာလို့ နားချိန်မရှိတာလည်း..ဘယ်အချိန် ချိန်းချိန်း..ဒီပုံပဲ…"
"အိုး..အိမ်မှာ လုပ်တဲ့ အလုပ်က နားချိန်လိုမလားကွ…အခုလည်း..မော်တာ ပြင်နေရတယ်…"
"ဟွန့်…မင်းလိုကောင်က မော်တာတောင် ပြင်နေပြီဆိုတော့ သွားပြီပဲ…"
မိုးစက်စကားကို မျက်မှောင်ကြုတ်ကာ ဆတ်ခနဲ လှည့်ကြည့်တော့ ခပ်တိုးတိုး ရယ်လိုက်မိသည်..။
ဟုတ်တယ်လေ…သူ့လို ကောင်က အင်ဂျင်နီယာ မဟုတ် ဘာမဟုတ်နဲ့ ပြင်နေတာ ဘယ်လောက် အဆင်ပြေချောမွေ့နေမှာလည်း..။
"မင်းကလည်း…ဒါတွေက ငါ တစ်သက်လုံး လုပ်လာတာပဲ…မျက်လုံးမှိတ်ထားတောင် ကားပစ္စည်း ဘာက ဘယ်မှာ ဆိုတာ သိတယ်…အဲ တစ်ခုတော့ ရှိတာပေါ့….နောက်ပိုင်း နည်းပညာ ကျွမ်းကျင်တဲ့ ကောင်တွေလောက်တော့ အလုပ်မတွင်ကျယ်တော့ဘူး..မမြန်တော့ဘူးကွာ…မင်း မသိလို့ပါ ငါက ကားပြင်ပါရဂူ အဆင့်ရှိတယ်ကွ…"
"အထင်ကြီးစရာကြီး…"
"မကြီးလည်းနေ….ပြော…ဘာလုပ်ဖို့ ချိန်းတာလည်း.."
"နေဦး…မင်း စျေးသွားတာလည်း တီရှပ်နဲ့ပဲ မလား.."
"အဲ…ဘယ်လို သိသွားလည်း..မနေ့က သွားတာလေ…အကျီ င်္ထဘီ က အလုပ်ရှုပ်လို့ကွ…ပြီးတော့ မလျှော်ရသေးဘူး…"
မိုးစက် သေချာ မသိပေမဲ့ ခန့်မှန်းပြောလိုက်တာ သူ လုပ်သမျှ အကုန်ပေါ်လာတော့သည်..။
တေ်ာတော် စကား နားထောင်တဲ့ ကောင်…။
"ကျစ်…မင်း နဲ့ သူငယ်ချင်း ဖြစ်နေတာ ငါ သိက္ခာကျတယ်….အထူးသဖြင့် ဒီဇိုင်နာ စတိုင်လစ် လုပ်မဲ့ ငါက သူငယ်ချင်းကိုတောင် မပြုပြင်ပေးနိုင်ခဲ့ဘူးလို့ တစ်ချိန်ကြရင် ပြောစရာ ဖြစ်နေမှာပေါ့ကွ…"
"အိုး….အဲဒီ့ အခါကျရင် ..ငါကမင်းသူငယ်ချင်း မဟုတ်ပါဘူးလို့ ပြောပေးမှာပေါ့ကွ.."
စကားကို ကပ်သပ်ပြီး ပြောနေတဲ့ သူ့ကို စိတ်တိုလာလို့ လည်ဂုတ်ကို ဖျစ်လိုက်မှ တအားအားအော်တော့သည်..။
"ငါ သင်တန်းတစ်ခု တက်မလို့ကွ…"
"ဘာ သင်တန်းလည်း.."
"ဟ…"
မိုးစက် မျက်မှောင်ကြုတ်၍ ကြည့်လိုက်တော့မှ စဉ်းစားသလို တစ်ချက် ငြိမ်သွားပြီး ခေါင်းညိတ်ပြရင်း
"ဟဲဟဲ…ငါက မင်း တက်ချင်တဲ့ သင်တန်းက များလို့ မေးမိတာပါ…ဆံပင်လား အ၀တ်အစားလား မိတ်ကပ်လား…"
"မိတ်ကပ်ကတော့ မလိုပါဘူး…ငါ မနည်းတက်လာပြီ….အခုက ဒီဇိုင်နာ သင်တန်းတက်မှာကွ….ဒါပေမဲ့ ကျောင်းချိန် ရှောင်ပြီး တက်ရမှာဆိုတော့ ညပိုင်း တစ်ချိန် တက်ရင်ကောင်းမလားလို့…"
"မင်း အဖေ သိရင် စိတ်ဆိုးဦးမယ်.."
"အင်း..အဲဒါလည်း ဟုတ်တယ်…ဒါပေမဲ့…ငါ့ပိုက်ဆံနဲ့ ငါတက်မှာပါ..ခုဆို အဖေ့ ပိုက်ဆံကို ကျောင်းစာအုပ် ၀ယ်ဖို့လောက်ပဲ သုံးတော့တယ်…မင်းမသိလို့နော်…ငါ အောင်မြင်စ ပြုလာပြီ..ဟား..ဟား.."
"ကောင်းပါတယ်…ငါ ၀မ်းသာပါတယ်…"
မိုးစက် ခပ်ကြွကြွ ပြောလိုက်ကာ သူလှောင်မယ်လို့ ကြိုတွက်ထားပေမဲ့ သူ့မျက်နှာက အလေး အနက်ထားပြီး တကယ် ကျေနပ်၀မ်းသာတဲ့ ပုံစံ ပြောတော့ စိတ်ထဲမှာ ပျော်မိသည်..။
"တက်ဖြစ်ရင်လည်း တက်မယ်ကွာ…သြော်…မင်း ခုတလော စနေ ညနေတိုင်းမအားဘူးနော်… မင်း နဲ့ ငါ အခုလို ကြားဖြတ် ချိန်းပြီး နှစ်ယောက်တည်းပဲ တွေ့တာ များတော့ ဟိုကောင်တွေက စနေပြီကွ….ဝေယံအကြောင်း မင်းသိသားပဲ…"
"အင်း.."
"ဘာဖြစ်လို့လည်း…အလုပ်တွေကျနေလို့လား..…ဝေယံနဲ့ ရှိုင်းဇော် တို့က မင်းမပါတော့ ပျင်းတယ်တဲ့ကွ…တစ်ဝိုင်းမှာ မင်း တစ်ယောက်လိုနေတာ အရမ်းသိသာတယ်..ဟေ့ကောင်..ဒီတစ်ပတ်တော့ ရအောင် ထွက်လာခဲ့ကွာ…"
"ဝေယံ ပြောတယ်…မင်းကောင်မလေး ကို ခေါ်လာပြီး မိတ်ဆက်ပေးတယ်ဆို…"
"ဟာကွာ…ဒီကောင်တွေ ဖွတာ မြန်ချက်…ဟား..ဟား.."
မိုးစက် က သူငယ်ချင်းတွေကို ကျိန်ဆဲနေပေမဲ့ အနားမှာ ထိုင်နေတဲ့ သူက ကြွေကျလာတဲ့ ငုဝါပွင့်ဖက်တွေကို လက်နဲ့ကိုင်ကြည့်ရင်း ငြိမ်သက် တိတ်ဆိတ်နေတာ သတိထားမိသွားသည်..။
ဆံပင်တွေကို စုလိမ်ထုံးထားတာမို့ မွဲခြောက်ခြောက် နီကျင့်ကျင့်နဲ့ နောက်မှာ မြက်ခြောက်ပင်တွေလို ဖြစ်နေပြီ..။
သူ့ရဲ့ မြက်ခြောက်ထုံးနဲ့ တူတဲ့ ဆံပင်ပေါ်ကို ငုဝါပွင့်ဖက်တချို့တင်နေပုံက ကဗျာ မဆန်ပဲ  ရယ်ဖို့ကောင်းပါသည်..။
မျက်ခုံးတန်းတန်း ထင်းထင်းက ပုံမသွင်းလို့ အစွန်းဖက်မှာ ခပ်ပြားပြားကြီးဖြစ်နေတာလည်း တကယ် စိတ်တိုင်းမကျစရာ..။
နှာဖျားကတော့ မသိမသာလေး ချွန်ပေမဲ့ နှုတ်ခမ်းကျတော့ ပျောက်နေလောက်အောင် ပါးလျသည်..။
နှုတ်ခမ်းပါးရင် စကားသွက်တယ် ဆိုပေမဲ့ သူကျမှ အပြောအဆို မတက်တဲ့ကောင် ဖြစ်နေသည်..။
တီရှပ်အောက်က လည်တိုင်မှာ အသားက ဖြူပေမဲ့ ပေနေတဲ့ စက်ဆီ ကွက် နှစ်ကွက်ကြောင့် ကြည့်ရဆိုးလှသည်..။
ပြင်ပေးမှ ဖြစ်မယ်ဆိုပေမဲ့ သူကလည်း လက်ခံဦးမှလေ…။
သူ့ကိုယ်သူ မိန်းကလေးတွေရဲ့ ဗီဇ အတိုင်း ဂရုတစိုက်လေး နေပြီး နည်းနည်း ပြင်ဆင်ပေးလိုက်ရင်တော့ ကြည့်ကောင်းလာမှာပါ..။
အခုတော့…။
မိုးစက် နှုတ်ခမ်းမဲ့လိုက်ကာ ပြောလက်စ စကားကိုသာ ပြန်တွေးရတော့သည်..။
"ငါတွဲနေတာ ...နှစ်လရှိပြီကွ.... အဲနေ့က မင်းကိုအဓိက မိတ်ဆက်ပေးမလို့ ခေါ်ခဲ့တာကွာ…မင်းက မအားဘူး…"
"ဘာဖြစ်လို့လည်း.."
"အိုး..မိန်းကလေး အဖော် တစ်ယောက်ရှိတော့ ကောင်းတာပေါ့..အထူးသဖြင့် အလှအပ အကြောင်းတွေ ဘာတွေ တိုင်ပင်လို့ရတာပေါ့ကွ….ငါ့ ကောင်မလေး က ပြင်တက်ဆင်တက်တယ်လေ…မင်းရဲ့ တစ်ဦးတည်းသော မိန်းကလေး သူငယ်ချင်း လှလှကိုလည်း မင်းရန်ရှာပြီး ကန်ထုတ်ထားတယ်မလား…ကျစ်…မင်းအတွက်တော့ ရင်လေးတယ် ဟေ့ကောင်…မင်းငါ့ကို ပြောစမ်း…မိန်းမယူမှာလား…ယောက်ျားယူမှာလား…"
"ဟား..ဟား….မင်းကလည်း…တုံးတာကွာ…ယောက်ျားယူမှာပါဟ.."
"မင်းကိုယူတဲ့သူက မျက်လုံးမပါတဲ့ သူပဲ ဖြစ်မယ်…"
"အောင်မယ်…"
မိုးစက် ကို မကျေမနပ် စောင်ပေပေ ပြန်ကြည့်တော့ မသိချင်ယောင်ဆောင်ကာ သူ့တစ်ကိုယ်လုံးကို ခြုံငုံ့ကြည့်ပြလိုက်သည်..။
"ဟုတ်တယ်လေ…ယောက်ျားလေး တစ်ယောက် မက်မက်မောမော ချစ်ချင်စရာ မင်းမှာ တစ်ခုမှ မရှိဘူးလေ…မင်း..အပျိုကြီး ဖြစ်ရင်ဖြစ်…မဖြစ်ရင် မျက်ကန်းနဲ့ပဲ ရမှာ…တကယ်…"
"အိုး..ငါ့မှာအရည်အချင်းရှိသားပဲကွ…"
"ဘာ အရည်အချင်းလည်း..ကား ပြင်တဲ့ အရည်အချင်းလား…ယောက်ျား တစ်ယောက်က မိန်းမ ယူတာ ၀ပ်ရှော့ထောင်ဖို့ အလုပ်သမားလိုလို့ ယူတာမှ မဟုတ်တာကွ…"
"ဒါဖြင့်..ဘာလို့ ယူလည်း.."
သူ့ရဲ့ ရုတ်တရက် အမေးစကားကို ဖြေဖို့ မိုးစက် မှာ အစီအစဉ်တကျ တွေးထားတာမျိုးမှ မရှိတာ..။
တစ်ခါမှလည်း လက်ထပ်ဖို့ အကြောင်းမတွေးမိတာမို့ ခဏလောက် ပြန်စဉ်းစားယူရသည်..။
ယောက်ျားတွေ မိန်းကလေး တစ်ယောက်ကို ဘာလို့ လက်ထပ်ချင်တာလည်း..။
တိရစ္ဆာန်တွေလို အိပ်၊စား ကာမ ဒီသုံးခုနဲ့ပဲ ဘ၀က ပြီးသွားတာမှ မဟုတ်တာပဲ..။
ဒါပေမဲ့ ယောက်ျားတွေမှာလည်း တက်မက်မှုတွေ ခံစားချက်တွေ ရှိတာပဲလေ..။
ဒါကို ဘယ်လိုငြင်းလို့ ရမလည်း..။
ခပ်ဖြောင့်ဖြောင့် တောင့်တောင့် မိန်းကလေး တစ်ယောက် ဖြတ်သွားရင် တစ်ချက်တော့လှမ်းကြည့်တာပဲ မလား..။
ဒါကို တိရစ္ဆာန် စိတ်နဲ့ချည်းရှင်သန်တယ်လို့ ပြောမလား..။
မိန်းကလေး တစ်ယောက်ရဲ့ အလှအပ က ဘယ်လောက်များ အဖိုးတန်လိုက်လည်း..။
ကမ္ဘာပေါ်က ပန်းလေးတွေ စိမ်းလန်းတဲ့ သစ်ပင်လေးတွေ အေးချမ်းတဲ့ စမ်းချောင်းလေးတွေ အိုး အလှအပလေးတွေ အကုန်လုံးလိုပဲ မိန်းကလေး တစ်ယောက်ရဲ့ အလှကလည်း ယောက်ျား တစ်ယောက်ရဲ့ စိတ်ကို ကြည်လင် ချမ်းမြေ့စေတယ်…။
တစ်ခါတလေ ဖေဖေ ခရီးက ပြန်လာခါနီးဆိုရင် မာမီက ပြင်ပြင်ဆင်ဆင် လေး ဖြင့် ကြိုဆိုတက်တာ သတိထားမိသည်..။
ဖေဖေ ကလည်း မာမီ့ကို မတွေ့ရင် အသည်းအသန်ကို မေးလွန်းလို့ သားသမီးတွေက တစ်ခါတလေ နောက်ကြသည်…။
ဟုတ်တယ်…မိန်းမကို တွေ့မှ အမောပြေ တယ် ဆိုတဲ့ ခံစားချက်ပေါ့..။
ဒါပေမဲ့ ဒီကောင်ကို ဘယ်လို ပြောပြမလည်း..။
အဲလိုသာပြောလိုက်ရင်…လူမယူနဲ့ အရုပ်မတွေ ယူထားဆိုတဲ့ ကိုးလို့ကန့်လန့် စကားတွေ ကြားရဦးမည်..။
မဖြစ်ပါဘူး…။
"ဘာလို့ ယူကြတာလည်း.."
"နေဦးကွ…မင်းလို အလှအပအကြောင်း စိတ်မ၀င်စားတဲ့ သူကို အလှအပ အကြောင်း ဘယ်လို ဖွဲ့ဆို ပြရမှန်းတောင် မသိတော့ဘူး….ကိုယ် တကယ်ချစ်တဲ့သူနဲ့ နီးနီးကပ်ကပ် အမြဲတမ်းနေချင်လို့ပေါ့ကွာ..မသိတော့ဘူး.."
"ဒါပေမဲ့…သူငယ်ချင်းတွေ.."
"တော်တော့..ဘာမှထပ်မမေးနဲ့..မင်းမှာ စကားကို ကတ်သတ် ပြောဖို့ ကုန်မှာ မဟုတ်ဘူး…
သေချာ တာ တစ်ခုက မင်းလှလှ ပပ မနေရင် မင်းကို ချစ်တဲ့ ယောက်ျားရှိလာမှာ မဟုတ်ဘူး…အဲတော့ အရွယ်မလွန်ခင် လှလှပပလေးနေ…အသက်ကြီးမှ တောင်ဝှေးလေးနဲ့ နောင်တရနေမယ်…"
"ဒါ…ငါ့ရဲ့ ပင်ကိုယ်ပုံစံပဲလေ…မင်းပြောချင်တာ….မိတ်ကပ်လိမ်း နှုတ်ခမ်းနီဆိုး…အ၀တ်အစား လှလှလေး ၀တ်ရမယ် ပြောတာလား…ဒါဆို ယောက်ျားတွေရဲ့ အချစ်က မိတ်ကပ်တို့ နှုတ်ခမ်းနီတို့ အ၀တ်အစား နုနုလှလှလေးတွေကို ချစ်တာလား..အဲလိုဆို ငါ့ကို ချစ်တာ ဘယ်ဟုတ်တော့မလည်း…အဲလို ယောက်ျားတွေက မိန်းကလေး တစ်ယောက်ကို လိုက်ကြောင်ရတာ ပင်ပန်းနေမှာပေါ့…သူတို့ချစ်တဲ့ နှုတ်ခမ်းနီတို့ မြန်မာ၀တ်စုံ အကျီ င်္လုံချည်လေး နဲ့ ဆံပင်ရှည်ရှည် အတု  ၀ယ်ပြီး အခန်းထဲ ထည့်ထားဖို့ကောင်းတယ်…အချစ်ကို ခံစားချင်ရင် ကိုယ်တိုင် ၀တ် မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုပဲ ပြန်ချစ်တာ မကောင်းဘူးလား.."
"ကျစ်…ငါသိတယ်…မင်းကလေ…ငါ့ စေတနာကို ဘယ်တော့မှ နားမလည်ဘူး…ငါက မင်းကို လှစေချင်တယ်…မင်း က ပေစုတ်စုတ် နေရတာပဲ ပျော်တယ်…နေချင်သလိုသာနေ….မင်းကိုလေ….ဟိုမှာ…ဖိုးတေ….ဟေ့..ဖိုးတေ…"
မိုးစက် ရှေ့မှာ ဖြတ်သွားတဲ့ ခေါင်းငိုက်ဆိုက်နဲ့ ဖိုးတေ ကို လှမ်းခေါ်လိုက်တော့ သူ့ကို တစ်ခုခု ကျွေးမယ် အထင်ဖြင့် ခပ်သွက်သွက်ရောက်လာသည်..။
ဒီတစ်ခါတော့ တစ်ခါတည်း မှတ်သွားလောက်အောင်ကို ပညာပေးမှ ဖြစ်တော့မည်လေ..။
"ဗျာ….ကိုရီး…"
ဖိုးတေ က အာလေး လျှာလေး သံဖြင့် ပြန်ထူးကာ ဘေးက စားပွဲပေါ်မှာ ရှိတဲ့ ကြံရည် တစ်ခွက်နဲ့ ပေါင်မုန့်ထုတ်တွေကို ကြည့်နေသည်..။
"မင်း သူ့ကို ချစ်လား.."
"ဟ.."
မိုးစက် ကို မျက်လုံးပြူးပြီး ကြည့်ပေမဲ့ မျက်နှာတည်တည်ဖြင့်ပင် သူ့ကို မကြည့်ပဲ ဖိုးတေ ကို မေးငေါ့မေးကာ ဘေးကို လက်ညိုးထိုးပြလိုက်သည်..။
"အမ်…ကျော်ကျော့်ကိုလား…"
"အေး…"
"အင်း…သူက တစ်ခါတလေ မုန့်၀ယ်ကျွေးတယ်လေ…ချစ်ပါတယ်…"
"အင်း..မုန့်စားရလို့ အရက်သမားက ချစ်တယ် ပြောတာ မဆန်းပါဘူး.."
"မင်း..သူ့ကို ဘယ်လိုမြင်လည်း…လှလား…"
ဖိုးတေ က ခပ်ထွေထွေ လေး ဖြစ်နေတာတောင် ခေါင်းစ ခြေဆုံး လိုက်ကြည့်ပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့ကာ ခေါင်းရမ်းပြတော့ မိုးစက် အော်ရယ်မိသည်..။
"ဟား..ဟား…အမြင်ရှိတယ်ကွ….မင်း သူ့ကို ယူမလား.."
"ဟာ…မိုးစက်…"
"အမ်….မယူပါဘူး…အမလေး…မယူပါရစေနဲ့…."
လက်အုပ်ချီ ပြီး တောင်းတောင်းပန်ပန် ပြောနေတော့ မိုးစက် ရယ်ရင်း ထပ်စ ချင်လာတာနဲ့
"ဘာဖြစ်လို့လည်း ကွ…ငါ့ သူငယ်ချင်းက အရည်အချင်းရှိတယ်ကွ…"
"အမလေး…မယူပါရစေနဲ့….သူက ယောက်ျားလိုနေတာ…ပြီး… စိတ်ကလည်း တို…တွေ့တာနဲ့ ကောက်ထုရင် သေမှာဗျ…"
"ဟား..ဟား…ကျော်ကျော်ရာ..မင်း အကြောင်းကလည်း..စုံနေတာပဲ…မင်းတို့ ရပ်ကွက်ထဲ ငါလာနေတာ ကြာပြီ..မင်း အကြောင်းတွေက မဆုံးနိုင်သေးဘူးနော်…ဟား..ဟား…"
"ပြီးတော့…ကျွန်တော်က ချစ်သူရှိတယ်ဗျ….ကျွန်တော့် ချစ်သူကိုပဲ ကျွန်တော်ယူမှာဗျ.."
အရက်သမားက ချစ်သူတွေဘာတွေ နဲ့ ဆိုတော့ မိုးစက် စိတ်၀င်စားသွားကာ ကိုယ်ကို ရှေ့ကိုင်း၍
"မင်းချစ်သူက ဘယ်သူလည်း.."
"အိချောပို.."
"ဟား..ဟား….တွေ့လား…ကျော်ကျော်…ငါ မပြောဘူးလား…ယောက်ျားတွေက အလှအပကို ပိုခံစားတက်တယ်…"
မိုးစက် ရယ်ရင်း ပြောပေမဲ့ သူ့မျက်နှာက တစ်ခုခု ကို တွေ့လိုက်တော့ အားနာစွာဖြင့် တိတ်ဆိတ် ငြိမ်သက်ပေးလိုက်ရသည်..။
ဖိုးတေ ကို ပေါင်မုန့် နှစ်ထုတ်ပေးပြီး ပြန်လွှတ်လိုက်တဲ့ အချိန်ထိ သူ့ဆီက ဘာစကားမှ ထွက်မလာတော့ပါ..။
"ဟေ့…ဘာဖြစ်တာလည်း…စိတ်ဆိုးတာလား..မှန်တာ သိအောင် သေချာပြတာပါကွာ…မပူပါနဲ့..မင်းကို ငါ ပြင်ပေးလိုက်ရင် တစ်လမ်းလုံး ထိုင်ငေးသွားမယ်…အိုး…အိချောပိုလောက်တော့ ဘယ်လှမလည်း…သူ့ကိုယ်လုံးလို လှချင်ရင်တော့ ထရိန်နင် ဆင်းရမှာပေါ့…"
"မင်း ကောင်မလေးကော လှလား…"
သူ့ဘက် က မဆိုင်တဲ့ စကား တစ်ခွန်းကြားလိုက်ရတော့ မိုးစက် ကြောင်တောင်တောင် ဖြစ်သွားပြီးမှ တစ်ချက်ရယ်ကာ ခေါင်းညိတ်ပြလိုက်သည်..။
မိုးစက်လို ကောင် က မလှပဲ တွဲပါ့မလား ကျော်ကျော်ရာ..မင်း ငါ့အကြောင်း သေချာ မသိသေးပါလား..။
"ငါ နဲ့ ဘယ်သူ ပိုလှလည်း.."
"အိုး..ဟား..ဟား….မင်းကလည်း…မနှိုင်းကောင်း နှိုင်းကောင်း…ငါ က ချစ်သူ အဖြစ်ရွေးချယ်ထားတယ် ဆိုကတည်းက မင်းစဉ်းစားကြည့်လေကွာ…အဲ…မင်းကို မလှဘူး ပြောတာ မဟုတ်ပါဘူး..မင်းလည်း ပြင်လိုက်ဆင်လိုက်ရင် လှမှာပါကွ…"
မိုးစက် စကားပြောတိုင်း သူနဲ့ ဆို ယောက်ျားလေးတွေနဲ့ ပြောသလို ပေါ့ပေါ့ပါးပါး စိတ်လွှတ်ကိုယ်လွှတ်ပြောမိပြီးမှ မိန်းကလေးဆိုတာ သတိရရင် အသာလေး ဖော့လိုက်ရသည်..။
သူကတော့ မိုးစက် စကားတွေကို နားထောင်ပြီး ဘေးနားက ငုဝါပွင့်ဖက်ကလေးတွေကို လက်နဲ့သပ်ကာ ခုံအောက်ကို ရောက်အောင် တွန်းပို့နေသည်..။
"မင်း ပြောစရာမရှိရင်…ငါ ပြန်တော့မယ်…မိုး…"
တိတ်ဆိတ်နေချိန် သူက ပြန်ဖို့ စကားဆိုလာတော့ မိုးစက် ခေါင်းညိတ်လိုက်ကာ
"အင်း…မင်း..ငါ့စေတနာကို နားလည်ဖို့ မျှော်လင့်ပါတယ်…မင်း စိတ်မဆိုးဘူးမလား.."
"…….."
ဘာမှ ပြန်မပြောပဲ ငြိမ်သက်နေတော့ မိုးစက် သူ့နားရွက်တွေပေါ် လက်အုပ်ကိုင်ကာ မျက်နှာချင်းဆိုင် ဖြစ်အောင် ဆွဲလှည့်လိုက်သည်..။
သူ့ မျက်၀န်းတွေထဲမှာ တစ်စုံတစ်ခု ရှာဖွေပေမဲ့ ဘာမှမထူးခြားစွာဖြင့် မျက်ခုံးပင့်ကြည့်သည်..။
"မင်း စိတ်ဆိုးသွားလား.."
"ရူးတာကွာ…လွှတ်…"
မိုးစက် လက်တွေကို ပုတ်ချလိုက်ပြီး ထိုင်ရာက ထရပ်လိုက်တော့ သူ့ကို မော့ကြည့်ရတဲ့ အနေအထား ဖြစ်သွားသည်..။
ခုံတန်းပေါ် ခြေတင်ထိုင်တာမို့ ချွတ်ထားတဲ့ ဖိနပ်ကို ကပျာကယာ ပြန်စီးကာ  ခေါင်းကို တစ်ချက် ကုတ်သေးသည်..။
"ဟို…နောက်တခါ …ငါ့ဆီ ဖုန်းမဆက်နဲ့တော့ သိလား.."
"ဟင်..ဘာဖြစ်လို့လည်း.."
မိုးစက် အထိတ်ထလန့်ဖြင့် ခုံတန်းပေါ်က ဆင်းလိုက်ချိန် ဖိနပ်မစီးမိတာမို့ ဘိလပ်မြေသဲပွပွတွေထဲ ခြေဖဝါးနစ်၀င်သွားသည်..။
သူ့ကို ဖုန်းဆက်တိုင်း  သူ့အစ်ကို နဲ့ အဖေ က တစ်ဆင့် ခေါ်ခိုင်းရတာကြောင့်များလား..။
မိုးစက်ကြောင့် သူ အိမ်မှာ အဆူခံနေရပြီလား..။
ဒါမှ မဟုတ် စတာ လွန်သွားလို့ စိတ်ဆိုးသွားတာလား..။
သူ့ မျက်နှာကို မလွှတ်တမ်း အကဲခတ်နေပေမဲ့ တစ်စုံတစ်ခုမှ မပြောင်းလဲတဲ့ ဆက်ဆံရေး ပုံစံဖြင့် ပခုံးတွန့်ပြသည်..။
"မင်းမှာလည်း ချစ်သူ ရှိနေပြီပဲ…သူ့ကို တိုင်ပင် ရင်ဖွင့်ပေါ့ကွာ…ငါ တို့က သူငယ်ချင်း ဆိုပေမဲ့ ချစ်သူလောက် မရင်းနှီးတဲ့ သူစိမ်းတွေလေ…"
မိုးစက် တစ်ခုကို သတိရကာ သူ သ၀န်တိုသွားတာလားလို့ စိတ်ထဲ ထင်ရင်း မျက်မှောင်ကြုတ်၍ စဉ်းစားမိသည်..။
ဖြစ်နိုင်တယ်…သူ နဲ့ စပေါင်းတုန်းကလည်း..ဝေယံ တို့ဆီ တစ်ခုခု အကြံတောင်းမိရင်.. "မင်း…ဘာလို့ ငါ့လာပြောနေတာလည်း..မင်း ဆရာ ကျော်ကျော် ရှိတာပဲ..သူ့သွားမေး"ဆိုပြီး အရွဲ့တိုက်၍ သ၀န်တိုကြ သေးသည်လေ..။
"မတူဘူးလေကွာ..မင်းက ငါ အခင်ဆုံး သူငယ်ချင်းပဲ…ခုန ပြောတာကလည်း…ငါ့သူငယ်ချင်းကို.."
"ငါ သိပါတယ်…မင်းကို စိတ်မဆိုးပါဘူး…"
"စိတ်မဆိုးတဲ့ ပုံစံကြီးလား.."
"တကယ်ပြောတာ…ဒါပေမဲ့…မကောင်းဘူးထင်တယ်…မင်း..ကောင်မလေး ကလည်း မိန်းကလေးလေ…သူသိရင် ခံစားရမှာပေါ့…ပြီးတော့ မင်းကို ပြဿနာ ရှာလိမ့်မယ်…"
"ကျစ်…ဘာလည်းကွာ…မင်းတွေးသလောက်မဟုတ်ဘူး..ကျော်ကျော်…ရည်းစားထားတာ များ အထူးအဆန်းလုပ်လို့ကွာ…ဘာမှ မဟုတ်ဘူး..…အားလုံး အရင်အတိုင်းပဲ..ဟေ့ရောင်.."
"ငါ…ငါ မခံစားနိုင်ဘူး…မိုး…အရမ်းနာကျင်တယ်…"
"ဟင်…"
"ဟုတ်တယ်…အဲဒါကြောင့်…ငါတို့ ထပ်မတွေ့တော့ဘူးကွာ..နော်…"
"ဘာကိုလည်း..မင်း ပြောတာ ငါ နားမလည်ဘူး.."
အထူးအဆန်း သူ့စကားတွေကို လိုက်စဉ်းစားမမှီတော့ သူ့ကို ငုံ့ကြည့်ကာ မေးလိုက်ပေမဲ့ သက်ပြင်း တစ်ချက်အရင်ချသည်..။
"မင်း ဘက်က အရင်အတိုင်းပဲ ဆိုပေမဲ့ ငါ့ဘက်က မတူဘူး…"
"ဘာလည်း..ငါ့ရည်းစား ရန်လာတွေ့မှာ စိုးလို့လား.."
"ကျစ်…မင်းကလည်း…စကားကို ဆုံးအောင် နားထောင်စမ်းပါ…ဒီမှာ ပြောလို့ အဆင်မပြေရတဲ့ ကြားထဲ.."
မိုးစက် ကို ခပ်စူးစူး မော့ကြည့်ကာ ငေါက်တော့မှ သူ့စကားကို စိတ်ရှည်လက်ရှည်ဖြင့်သာ နားလည်အောင် နားထောင်ဖို့ ကြိုးစားရတော့သည်…။
"မင်းဘက်က ရိုးသားပေမဲ့ ငါ့ဘက်က မရိုးသားဘူး မိုး..မင်းရဲ့ စိတ်ကို ငါ သိနေပြီးသားမို့…ငါ့ကိုယ်ငါ အမြဲ နားချပါတယ်…ဒါပေမဲ့ မရဘူး…မင်းအကြောင်းတွေးရင် ငါ့ရဲ့ ဖြစ်တည်မှုကြီးကို ငါ မုန်းချင်လာတယ်…ပြီးတော့ နာကျင်တယ်…ပင်ပန်းတယ်…ဒေါသတွေ ထွက်ရတယ်…တစ်လောက လုံးနဲ့ အဆင်မပြေတော့ဘူး…ငါဟာ ငါ မဟုတ်ခဲ့ရင်ဆိုတဲ့ အတွေးတွေ အမြဲရောက်နေတယ်…ငါ ပင်ပန်းနေပြီ…ငါ မပြောင်းလဲနိုင်သရွေ့ မင်း အထင်ကြီးမှာ မဟုတ်ဘူး…ငါ့ပုံစံကို မင်းမကြိုက်ဘူး ဆိုတာ ငါ သိပါတယ်…ဒါပေမဲ့…ပြောင်းလဲလိုက်ရင်လည်း…မင်း မျက်လုံးထဲမှာ ငါ က ကျော်ကျော်ပဲ ဖြစ်နေဦးမှာပဲ…မင်း…..ငါ ပြောတာတွေ နားလည်လား.."
စကားတွေ အများကြီး ပြောလိုက်ပြီးကာမှ စိုးရိမ် ထိတ်လန့်တဲ့ မျက်၀န်း တစ်စုံနဲ့ မော့ကြည့်၍ မေးတော့ မိုးစက် ပြန်ပြောဖို့ စကား ရှာမရ ဖြစ်နေသည်…။
"ငါ သွားတော့မယ်…"
မိုးစက် ကို ကျောခိုင်းပြီး ထွက်သွားရင်း ခြေနှစ်လှမ်း အကွာကျတော့ ရပ်တန့်လိုက်ပြန်သည်…။
"မင်းက ရိုးသားပေမဲ့ ငါ….မင်းအပေါ် မရိုးသားတဲ့ စိတ်နဲ့ ချစ်ခဲ့တဲ့ အတွက် တောင်းပန်ပါတယ်…မိုး.."
ခပ်တိုးတိုး ပြောပြီး ထွက်သွားတော့ မိုးစက် မှာ ကြောင်တောင်တောင်ဖြင့်သာ ရပ်ကျန်ခဲ့ရသည်..။
ခုံတန်းပေါ် ပြန်ထိုင်ချလိုက်ကာ အနားက ကြံရည်ခွက်နဲ့ ငုဝါပွင့်ဖက်တွေကို ငေးရင်း ဘာတွေ ဖြစ်ကုန်တာလည်း နားမလည်နိုင်အောင် ဖြစ်ရသည်..။
သူ က မရိုးသားဘူးတဲ့လား….သူက ငါ့ကို ချစ်နေတာတဲ့လား..။
အိုး..ဒီလောက်တော့ လူကဲခတ်မညံ့ခဲ့ပါဘူး..။
ဒီနေ့ အထိ သူ့ မျက်၀န်းတွေထဲမှာ မရိုးသားတဲ့ အရိပ်အငွေ့ တစ်ခုတောင် မရှိပါဘူး..။
တစ်ဖက်သတ် အချစ်က သိပ်သိသာတာတဲ့ ….။
အထူးသဖြင့် မိန်းကလေးတွေရဲ့ အချစ်က သူတို့ မျက်လုံးနဲ့ မျက်နှာပေါ်မှာ အထင်းသားတွေ့ရတက်တာပဲ..။
မိုးစက် သူ့မျက်လုံးတွေကို အကြိမ်ကြိမ် ကြည့်ခဲ့သည်..။
မကြာသေးခင်ကပဲ မျက်လုံးချင်းဆုံပြီး စကားပြောခဲ့သေးသည်..။
သူ့မျက်လုံးတွေကပဲ ဟန်ဆောင်တာလား…မိုးစက်ကပဲ တုံးလွန်းတာလား..။
အရင်တုန်းက ရုပ်ချောတဲ့ ယောက်ျားတွေကို အထင်သေးတက်တဲ့ သူ့ကို ရန်ငြိုးထားခဲ့ပေမဲ့…။
အခုတော့ မတူ…။
သူငယ်ချင်း တစ်ယောက် အနေနဲ့ သူ ခံစားနေရမှာ စိုးရိမ်မိသည်..။
သူ့လို သူငယ်ချင်းကောင်း တစ်ယောက် ဆုံးရှုံးသွားတာကိုလည်း ၀မ်းနည်းမိသည်..။
ငါ ဘာလုပ်ရမလည်း…ကျော်ကျော်… ငါမှာ နှလုံးသားကို လမ်းကြောင်းပြောင်းခွင့် မရှိတာ မင်းနားလည်မှာပါ…။
မိုးစက် သက်ပြင်းတစ်ချက် ချရင်း စိတ်မသက်သာစွာဖြင့် တစ်ချက်ပြုံးမိသည်..။
မင်းကို မိန်းမမဆန်ဘူး ပြောတာ ငါ မလွန်ဘူး ထင်တယ် ကျော်ကျော်….။

16-09-40-12-41

**•̩̩͙✩•̩̩͙*˚  ˚*•̩̩͙✩•̩̩͙*˚***•̩̩͙✩•̩̩͙*˚  ˚*•̩̩͙✩•̩̩͙*˚*

ဖတ်ရတာ အဆင်မပြေရင် ခွင့်လွှတ်ကြပါနော် 🙏

အရေးအသား အဆင်မပြေ စာလုံးပေါင်း မမှန်ရင် ခွင့်လွှတ်ပါနော်။

အခုလို ခပ်ညံ့ညံ့ အရေးအသားကို အချိန်ပေး ဖတ်ပေးခဲ့တာ ကျေးဇူးအထူးတင်ပါတယ်

Love U All ❤

#စပိုက်ကာ 🌹

နှင်းဆီမိုးစက်Where stories live. Discover now