Chapter 10 : ငါသူ့ကို ယူရမယ့်အစား မင်းကိုပဲယူမယ်။ ဘယ်လိုလဲ ?

2.2K 442 14
                                    


<Zawgyi>

Chapter 10 : ငါသူ့ကိုယူမယ့်အစား မင်းကိုပဲယူမယ်။ ဘယ်လိုလဲ ?

ကုယွမ်ကျွယ် သည် ကျင်းမင် ဖက်သို့လှည့်ကာ " အဲ့ဒီ ဦးလေးလီ ဆိုတဲ့သူက ဘယ်လိုလူမျိုးလဲ ? " ဟု မေးလိုက်မိသည်။

ကျင်းမင် သည် ခေါင်းကို စောင်းရင်း ခေတ္တစဉ်းစားလိုက်ပြီးနောက်တွင်မူ

" လွန်ခဲ့တဲ့ ငါးနှစ်တုန်းက သူ ဆရာသခင်ဆီမှာ သူ့ဒဏ်ရာတွေကို ကုပေးဖို့ အကူအညီတောင်းခဲ့ဖူးတယ်။ သူ့ဒဏ်ရာတွေ သက်သာသွားပြီးနောက်တော့ ဆရာသခင်ကို ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ သူထွက်မသွားခင်မှာ တတ်နိုင်သမျှ ကူညီနေတာပဲ။ အဲ့ဒီကတည်းကစပြီး ဦးလေးလီ က ဆရာသခင်ရဲ့ ဆေးပင်စိုက်ခင်းကို တာဝန်ယူပေးခဲ့တာလို့ ပြောလို့ရတယ်။ သူဘယ်ကနေ လာတယ်မှန်း သေချာမသိပေမဲ့ ဦးလေးလီက လူကောင်းတစ်ယောက်ဆိုတာတော့ သေချာပါတယ်။ "

ကုယွမ်ကျွယ် သည် သူ့လက်ထဲရှိ စိုစွတ်နေဆဲ ပန်းခက်များကို တစ်ချက်ငုံ့ကြည့်လိုက်သည်။ ထိုပန်းပွင့်များမှ စိမ့်ထွက်နေသော သန့်စင် သစ်သားဝိညာဉ်စွမ်းအားများမှာ သာမန်လူတစ်ယောက် မပိုင်ဆိုင်နိုင်သည့် စွမ်းအားများဖြစ်ကြ၏။ ဤသည်မှာ သဘာဝ၏ လက်ဆောင်တစ်ခုပင်။ သင်ကြား၍ မရသလို လုပ်ယူ၍ မရချေ။ ကုယွမ်ကျွယ် သည် လက်ထဲရှိ ပန်းခက်၏ အကိုင်းလေးကို ညင်ညင်သာသာ ပွတ်သပ်လိုက်သည်။ နှလုံးသားထဲရှိ စိုးရိမ်သောကများကို ခဏတာမျှ မေ့ဖျောက်ထားလိုက် ပြီးနောက်တွင်မူ သူ့နှုတ်ခမ်းထက်၌ အပြုံးတစ်ခုက မသိလိုက်ပါပဲ ဖြစ်ပေါ်လာလေသည်။

သူ့ ရှစ်ဇွမ်းလေးကတော့ လူစိမ်းတွေကိုလည်း စွဲဆောင်နိုင်တာပါပဲ

…………………………

မုချန် သည် ထိခိုက်သွားသည့် ကိုယ်တွင်းအင်္ဂါများကို ပြန်လည်ကုသရန်အတွက် စွမ်းအင်အနှစ်သာရ ဆေးတစ်လုံးသောက်ကာ တစ်နာရီမျှ ကြာအောင် တရားကျင့်ကြံလိုက်ရလေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုမိစ္ဆာချီတွင် သူ့အား အသေသတ်လိုစိတ်တို့ ရှိမနေခဲ့ချေ။ ထို့ကြောင့်လည်း သူ၏ ဒန်းတျန် နှင့် ဝိညာဉ်ကြော များကို ဆိုးဆိုးဝါးဝါး ထိခိုက်မသွားခဲ့ခြင်းဖြစ်သည်။ အကယ်၍ ထိုနေရာများကိုသာ တိုက်ခိုက်ခံလိုက်ရပါက သူ၏ ကျင့်ကြံဆင့်ကျပါ ကျသွားမည့်အပြင် ယခုကဲ့သို့ တစ်နာရီမျှ တရားကျင့်ကြံရုံဖြင့် ပြီးသွားမည်မဟုတ်ပဲ ဂူပိတ်ကျင့်ကြံမှသာ ဒဏ်ရာများကို ကုစားနိုင်ပေလိမ့်မည်။
(T/N; ဒန်းတျန် က သိုင်းလောကသားတွေ သိလောက်မယ်ထင်လို့ တိုက်ရိုက်ပဲ ရေးလိုက်တယ်နော် :3 )

The daily life of preventing my disciple from turning to the dark side (mm tran)Where stories live. Discover now