ဆွေပြမျိုးပြ သွားကြမယ်
------------------"အကိုရေ၊ ထတော့လေ၊ မနက်၈နာရီတောင် ရှိနေပြီ"
လုံးလုံးလေးကို ပွေ့ထားရင်း နွမ်းခါးက ခွဲခြားကို နှိုးရသည်။ ဒီနေ့ အကိုက သူ့ဆွေမျိုးတွေ ရှိရာဆီ လိုက်ပို့မယ်ဟု ပြောထားသည်။ သူတို့အခုတည်းက ထွက်မှ ညနေလောက်ရောက်မှာ။
"အင်း ထပြီ၊ ထပြီ"
အရင်ကဆို စောစောနိုးတတ်တဲ့ ခွဲခြားက အခုဆို နွမ်းခါး လာမနှိုးမချင်း လုံး၀မထ။ အပျင်းထူတာရယ်လို့ မဟုတ်ပဲ၊ တကုပ်ကုပ်နှင့် မနက်တိုင်း အလုပ်ရှုပ်တတ်သည့် ချစ်ရသူကို အိပ်ရာထဲက ကြည့်ရတာကို နှစ်ခြိုက်၍ ဖြစ်သည်။
"လုံးလုံးလေး၊ ဖေကြီး သားလေး၊ နိုးတာတောင် မငိုဘူး၊ လာပါဦး အာဘွားပေးချင်လို့"
ခွဲခြား၏အလုပ်က နိုးလာသည်နှင့် လုံးလုံးကို စနောက်ရန်ဖြစ်သည်။
"မလုပ်ပါနဲ့ အကိုရာ၊ ကလေးက ငယ်သေးတယ် မျက်နှာမသစ်ရသေးပဲ မနမ်းနဲ့၊ ရေသွားချိုးတော့လေ"
အကယ်၍များ လုံးလုံးကို စနောက်ဖို့ အခွင့်မသာရင်တော့ သူစနောက်မည့်သူက နွမ်းခါးပဲ ဖြစ်လေသည်။
"ဒါဆို အရွယ်ရောက်ပြီးသား ကလေးကို နမ်းမယ်လေ၊ ဒီကိုလာ"
ပခုံးလေးကနေ အသာဆွဲရင် ပါးလေးကို ရွှတ်ခနဲနမ်းလိုက်တော့ နွမ်းခါးက မနိုင်ဘူးဟူသည့် အကြည့်ဖြင့် ခေါင်းရမ်းလေသည်။ မနက်မိုးလင်းတိုင်း ချစ်ရသူနဲ့အတူ နိုးထရသည်က ဘယ်လောက် ကြည်နူးဖို့ ကောင်းလိုက်သလဲ။
"အကို့ အ၀တ်အစားတွေ နိုင်သလောက်တော့ ထည့်ပေးထားတယ်၊ လုံးလုံးနိုးလာလို့ မပြီးလိုက်ဘူး"
"ရပါတယ် ကိုယ့်အချစ်ရယ်၊ ဒီလောက်ကတော့ ကိုယ်လုပ်နိုင်ပါတယ်"
ခွဲခြားကပြောရင်း နွမ်းခါး ရင်ခွင်ထဲက လုံးလုံးကို နမ်းဖြစ်အောင် နမ်းသွားသေးသည်။ လုံးလုံးလေးက လက်သီးဆုပ် သေးသေးလေးတွေနဲ့ ယက်ကန် ယက်ကန် လုပ်ပြသေးသည်။ ရေမိုးချိုးပြီးတော့ နွမ်းခါး မပြင်တတ်ပြင်တတ် ပြင်ထားသည့် မနက်စာကို စားရပြန်သည်။ ခွဲခြားအတွက်တော့ ချစ်သူ ဘာကျွေးကျွေး ချိုမြိန်နေတာပဲ။