"Good Morning Ma'am"
Seulgi စကားကို ဓာတ်လှေကားထဲဝင်လာသည့်သူက ခေါင်းတစ်ချက်ငြိမ့်ပြကာ တုံ့ပြန်သည်။ သူမတို့သုံးယောက် ရုံးကိုအစောကြီးရောက်နှင့်ပြီးကြသော်လည်း Seulgi ပီကေကုန်သွားတာမို့ အောက်ကိုဆင်းဝယ်ပြီး ပြန်အတက်၊ ရုံးကိုလာသည့် Bae Joohyun နှင့်ဆုံခြင်းဖြစ်သည်။
"ကောင်းသောနေ့လေးဖြစ်ပါစေ Ma'am"
ဒီတစ်ခေါက်တော့ ဘာတုံ့ပြန်မှုမှမပေးပဲ ခပ်ကျော့ကျော့ထွက်သွားသည့် သူ့ကို Seulgi ရယ်မိသည်။ မာနအတော်ကြီးမည့် မိန်းမမျိုးထင်သည်။
"Ze .. အဲ Seulgi"
အမည်ဝှက်တွေကို တတ်နိုင်သလောက်မခေါ်ဖို့ တိုင်ပင်ထားကြတာမို့ SooYoung က ဖြတ်ခနဲ သူ့ပါးစပ်ကို တစ်ချက်ရိုက်သည်။
"ဒီစာရင်းကြီးကဘာကြီးလဲဟာ"
ကော်ဖီဖျော်စက်နားမှာရပ်နေသည့် Seulgi လက်ထဲထိုးပေးလာသည့်စာရွက်တွင် Seulgi ဖတ်ရုံသာဖတ်တတ်ပြီး ဘာမှန်း မသိသည့် ဇယားကွက်နှင့်စကားလုံးများပါသည်။ ကိန်းဂဏန်းအများအပြားကို မြင်ရတော့ သင်္ချာနှင့်မတည့်သည့်သူမ အန်တောင်အန်ချင်လာသည်။
"မသိဘူး Wendy ကိုမေး"
"သူလဲမသိဘူးတဲ့"
သူမနဲ့ SooYoung တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အားရပါးရ ခွီးခနဲရယ်ချလိုက်မိသည်။
"လုပ်စရာတစ်ခုခုရှာလုပ်နေရင်ကောင်းမယ်ထင်တယ်"
စက္ကူခွက်ကို ကိုင်ပြီး ဝင်လာတဲ့ Bae Joohyun ကြောင့် Seulgi ရော SooYoung ပါ သတိအနေအထားဖြစ်သွားသည်။ ကော်ဖီဖျော်သောက်မည်ထင်ရသည့်သူက ရေနွေးထည့်ဖို့ပြင်သည်။
"ရေနွေးမဆူသေးဘူး Ma'am ကျွန်မတို့အဲ့ဒါကြောင့်စောင့်နေတာပါ"
Seulgi ချော်လဲရောထိုင်လုပ်ပြီးပြောလိုက်တော့ သူက စက္ကူခွက်ကို ရေနွေးစက်ဘေး အသာချပြီး လက်ပိုက်ကာ ဘယ်ကိုမှမကြည့်ပဲ ရေနွေးစက်ကြီးကိုသာကြည့်၍ရပ်နေသည်။ SooYoung က ခပ်ဖွဖွ ပြန်ထွက်သွားပြီး Wendy ဘေးမှာ သွားထိုင်ကာ စာရွက်ကြီးကို အတင်းထိုးပေးနေတာကို မှန်အကြည်ကာထားသောကြောင့် Seulgi အတိုင်းသားမြင်နေရသည်။