အများကြီး ဝေးသွားခဲ့ကြလည်း
အမြဲတမ်း မင်းအကြောင်းတွေးနေမိတာမို့
မင်းနဲ့ကိုယ် နီးနေကြတုန်းပဲလို့ထင်ရတယ်🌵
"Zeki အမဲသားတွေတူးကုန်ပြီလားမသိဘူး လာကြည့်ဦး !!"
SooYoung ၏ ခေါ်သံကျယ်ကြီးတွင် မေမေ့အတွက် ရေခပ်ပေးနေသည့် Seulgi အိမ်နောက်သို့ အမြန်ပြေးဝင်သွားရသည်။ Apron ဝတ်ထားသည့် SooYoung သည် ဆံပင်တို့ အနည်းငယ်ဖွာလန်ကျဲနေပြီ။
"ရား... တူးရုံတင်မဟုတ်ဘူး ပြာကျတော့မယ် မီးပိတ်လိုက်တော့လေ"
Seulgi ရယ်အားသန်စွာ ရယ်ပြီး အမဲသားတွေကို လွှင့်ပစ်တော့ SooYoung က အပြစ်သားတစ်ယောက်လို ရပ်နေသည်။
"ငါပြောသားပဲ သင်တန်းတက်ကြရအောင်ပါဆို"
"Zeki ရယ် နားမညည်းဘူးလားနင်။ သူ့ကို သင်တန်းပို့လိုက်ပါတော့ နင်သင်ပေးလဲ ရမှမရတာ"
Wendy က ဝင်လာကာ လက်ထဲမှ စျေးထုပ်များကိုချ၍ ပြောသည်။
"ငါတစ်ယောက်တည်းမတက်ပါဘူး နင်တို့ပါတက်ရမှာ"
မေမေနှင့်စျေးအတူသွားပြီးပြန်လာသည့် wendy က ရေခဲသေတ္တာထဲမှရေဘူးကိုထုတ်သောက်ပြီး သူ့လက်ထဲကရေဘူးကို SooYoung သောက်ဖို့ကမ်းပေးလိုက်ရင်း မျက်လုံးတွေပြူးကုန်တယ်။
"ဟင်းချက်တတ်ချင်တာ ငါမှမဟုတ်တာ နင်လေ"
"ရှိတာမှသုံးယောက်တည်းကို .. အန်တီ ပြောပေးပါဦး သင်တန်းအတူတက်ဖို့"
အိမ်တွင်အငယ်ဆုံးဖြစ်နေသည့် SooYoung ဟာ ကလေးကြီးတစ်ယောက်လိုပဲ မေမေ့ကိုလှမ်းအော်ပြောနေသည်။ မေမေက နဖူးကချွေးစများကို အသာသုတ်ရင်း ပြုံးသည်။
"တက်ပေးလိုက်ကြပါကွယ် အပန်းကြီးတာလဲမဟုတ်ဘူး"
မေမေ့ကြောင့် ဟင်းချက်တတ်သည့် Seulgi နှင့် ဟင်းမချက်ချင်သည့် Wendy ပါ အစားအသောက်များနှင့်ပက်သက်သည့်သင်တန်းတစ်ခုကို တက်ရပါတော့သည်။
Ma'am ဆီကပြန်လာခဲ့တာ လေးငါးလလောက်ကြာပြီထင်တယ်။ မျှော်လင့်ထားသည့်အတိုင်းပဲ တစ်ခေါက်တစ်လေတောင် သူမတို့ ထပ်မဆုံဖြစ်ခဲ့ကြပါ။ ရုံးချုပ်ကထွက်လိုက်သည့်အခါ လုပ်စရာမရှိသည့် Wendy နှင့် SooYoung က သူမအိမ်မှာပဲလာနေသည်။ ရံဖန်ရံခါမှ သူတို့အိမ်တွေကိုပြန်ဖြစ်သော်ငြား မပြန်ဖြစ်ကြတော့သည်မှာအတော်ကြာသည်။ မိသားစုတွေမရှိတော့သည့်သူတို့မှာ ဆွေးနီးမျိုးစပ်လောက်သာရှိသည်လေ။