အပိုင်း(၁၅)

6K 666 60
                                    

ညနေ၃နာရီတွင် ပါးကို သဂြိုလ်ဖို့ရာ ကိစ္စအဝဝကို တေဇတို့ ပြင်ဆင်နေရသည် ။ မနက် ၉ နာရီတည်းက ရင်ခွဲရုံသို့ ပို့ထားရသော ပါး ရုပ်အလောင်းသည် နေ့လည် ၁ နာရီ ထိုးသည်ထိ အိမ်သို့ ပြန်မရောက်သေး ။ ကြားထဲ ဘွားဘွားကြီးက နှလုံး ထထဖောက်သဖြင့် စိုးရိမ်ရသည်ကတစ်မျိုး မားက သားသမီးတွေကို မမြင်စေချင်၍ အခန်းတံခါးlockချပြီး ငိုနေသည်က တစ်မျိုး နှင့် တေဇတို့ မောင်နှမ တစ်သိုက်၏ အာရုံတို့လည်း ထွေပြားနေရသည် ။

မားကိုလည်း တစ်ဦးတည်း လွှတ်ထား၍မရ ။ နှစ်ဖက် မိဘ သဘောမတူသည့်ကြားက ရအောင် ယူထားကြသော မားနှင့်ပါးတို့ အချစ်သည် တေဇတို့   လူငယ်တွေ လိုက်မမှီ ။ အခန်းတံခါး ပိတ်ပြီး မားတစ်ခုခု လုပ်လိုက်မည်ကိုလည်း စိုးရိမ်နေရသည် ။

၂နာရီခွဲမှ ရင်ခွဲရုံက ပါးကို လာပို့သဖြင့် သဂြိုလ်ရန် ပြင်ဆင်ကာ ကားအဆင့်ဆင့်နှင့် အေးငြိမ်းရာသုသာန်သို့ ထွက်ခွာကြရသည် ။ တေဇ ၊ သူရိန် ၊ဘွားဘွားကြီးနှင့် အငယ်လေးက ကားတစ်စီး ၊ ဆရာလေး ၊ ကိုကိုကြီး ၊ ဘရဏီနှင့် မားက ကားတစ်စီး အလျှိုလျှို ထွက်ခွာလာကြသည် ။ ရပ်ကွက်သားများ လေးစားချစ်ခင်ကြသော ရပ်ကွက်လူကြီး အသုဘမို့ ထင်သည်ထက် ပို့ဆောင်သူ ပရိတ်သတ် များပြားလွန်းသည် ။ နောက်ဆုံးအနေနှင့် ပါးကို ကန်တော့ကြသောအခါ ဘွားဘွားကြီးနှင့်မားက သတိလစ်ကာ အငယ်နှစ်ယောက်က ထငို၍ တေဇနှင့် ကိုကိုကြီး မည်သူ့ကို ဘယ်လို လိုက်ဆွဲရ ထိန်းရမှန်းပင် မသိ ။

နောက်ဆုံး ပါးကို သဂြိုလ်ပြီး ကိစ္စအဝဝပြီးမှသာ တေဇတို့ မိသားစု အိမ်သို့ ပြန်လာကြရသည် ။ အိမ်တွင် သူရိန့်အဖေနှင့် အန်တီမိက အစောင့်ကျန်ခဲ့ပေး၍သာ နောက်ဆံမတင်းရခြင်း ဖြစ်သည် ။ အိမ်ရောက်ရောက်ချင်း သူရိန့် အဖေနှင့်အန်တီမိကို တေဇ ကျေးဇူးတင်စကားပြောတော့

" မလိုပါဘူး ငါ့သားရယ် ၊ သားသာ အားတင်းထား ကိုယ့်အမေနဲ့ အဘွားရော အငယ်နှစ်ယောက်ကိုရော  သားတို့က စောင့်လျှောက်ပေးရအုန်းမယ် မဟုတ်လား ၊ သန်မာကွာ ငါ့သား ''

" ဟုတ်ကဲ့ အဖေ သား အားတင်းထားပါတယ် ။ ပြီးတော့ ကျွန်တော် ခွင့်တောင်းချင်လို့ပါ ''

အသက်တည်သရွေ့ (Unicode +Zawgyi) CompleteWhere stories live. Discover now