13

4.1K 737 92
                                    

တိမ်တွေငိုတဲ့နေ့။

"ဖေ။ သား ဘွဲ့ရပြီးရင် ဖေ့ရဲ့ကား သားကိုပေးမယ်မလား"

ဖေ့ရဲ့ ရွှေငါးလိပ်ခုံးကားလေးထဲမှာ ဖေက ကားမောင်းနေတယ်။ ဖေ့ ဘေးခုံမှာ ထိုင်နေတဲ့ မေ ကတော့ လက်ချောင်းလေးတွေကို ထောင်လိုက်ချိုးလိုက်နဲ့ ဘုရားစာရွတ်ဆိုနေလေရဲ့။ ဟန်စံတု တစ်ယောက် နောက်ခန်းမှာ ထိုင်နေရင်း ရှေ့ကို အနည်းငယ်တိုးကာ ရှေ့ခန်းရှိ ဖေနဲ့မေ့ရဲ့ ခုံအလယ်ထဲ ခေါင်းတိုးဝင်လိုက်၏။

"မင်း အခုမှ နောက်ဆုံးနှစ် ရှိသေးတာကွာ။ ဘွဲ့ရအောင် အရင်လုပ်ပါဦး"

"ဖေ ကလည်း ကြိုပြောထားတာလေ။ ပြီးရင် ဖေက ဟိုဟိုဒီဒီ အကြောင်းပြနေဦးမယ်။ နော် မေ။

မေ ကတော့ သားပြောသည်ကို သဘောကျကာ ရယ်ရုံရယ်သည်။ ဖေ့ကားကိုပဲ တောင်းရသည့် အကြောင်းက နောက်ထပ်ကားအသစ်ဝယ်ရန် သူတို့မိသားစုအနေနဲ့ မတတ်နိုင်ကြောင်း စံတု သိနေသည်လေ။ အိမ်ရှိတယ်။ ကားတစ်စီးရှိတယ်။ ပုံမှန် အလယ်အလတ် စိတ်ချမ်းသာရတဲ့ မိသားစုတစ်စု အနေနဲ့ သူတို့ ပျော်ရွှင်နေရပါသည်။

"ပေးမှာပေါ့။ ဖေ တို့ပိုင်ဆိုင်တာ ငါ့သားအတွက်ပဲလေ။ မိုးတွေက သည်းတာကွာ"

ဖေက ရှေ့သို့အနည်းငယ် ကိုင်းကာ ကောင်းကင်ထက် မော့ကြည့်သည်။ သူတို့မိသားစု သုံးယောက် ယခု ချောင်းသာကို အပန်းဖြေခရီး သွားနေကြခြင်းပင်။

"ဖေကြီး သေချာကြည့်မောင်း။ အရှိန်လျော့ဦး"

မေ က ဖေ့ကို စိုးရိမ်တကြီး ပြောသည်။၆လတစ်ခါ ခရီးထွက်တိုင်း ဖေသာ မောင်းလေ့ရှိ၍ စံတုက မေ့ လိုတော့ ကြောက်မနေပါ။ ဖေက ကားမောင်း သိပ်ကျွမ်းသည်လေ။ ပုပ္ပားတောင်ကိုတောင် ဖေ့ကားနဲ့ပဲ တက်ခဲ့ကြတာ။

စံတု အပြင်ကို ကြည့်လိုက်တော့ ညနေ (၆)နာရီဆိုသည့် အချိန်က အမှောင်ရိပ်စသန်းရုံသာ။ မိုးရေတွေက အမြင်အာရုံတွေ ပိန်းပိတ်အောင်ပင် ကျဆင်းနေသည်။

မိုးနတ်မင်းကြီးမှာများ ဝမ်းနည်းစရာတွေ ရှိနေသလားဟု စံတု ကြံကြံဖန်ဖန်တွေးမိသေးသည်။ မိုးစက်တွေနဲ့အတူ သူ့မျက်ခွံ့တွေလည်း စင်းကျလာသည်။
နောက်ခုံကို မှီချကာ စံတု အိပ်ပစ်လိုက်တော့သည်။

ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Where stories live. Discover now