15

4.5K 777 80
                                    

ကိုခန့် အလုပ်ဖြုတ်ခံရသည့် နေ့က ကိုကို့အိမ်၌ ၀င်ငိုပြီးသည်နှင့် ဖေ့အိမ်ကိုသာ တန်းပြန်လာခဲ့သည်။
မကောင်းသည့်ကံက အလုံးအရင်းနှင့် ဝင်လာတတ်သည် ဆိုသလိုပင်။ အိမ်ရှေ့ဧည့်ခန်းတွင် ဖေ က မိန့်မိန့်ကြီး ထိုင်ကာ သူ့အား စောင့်ကြိုနေ၏။

"အလုပ်ရှာတွေ့လား သားငယ်။ အပြင်အလုပ်တွေ မလုပ်ချင်ရင် ဖေ့အလုပ်ထဲပဲ..."

ကိုခန့် ခေါင်းကို တွင်တွင်ခါသည်။ ဖေ့အလုပ်ထဲတော့ ကိုခန့်လုံးဝ ဝင်မလုပ်ချင်ပါ။ ဖေ့စီးပွားက သူများတွေလို ဟိုတယ်လုပ်ငန်း၊ company တွေဘာတွေဆို တစ်မျိုး။ အခုက ပယ်လယ်စာ ရောင်းဝယ်ရေး ဒိုင်ဖြစ်သည်။ သေးသေးကွေးကွေး လုပ်ငန်းမဟုတ်သော်လည်း ညှီနံ့တွေကြားထဲ ကိုခန့်မနေနိုင်ပါ။

"သား အလုပ်ရနေပြီ ဖေ။"

ဖေက မျက်ခုံးပင့်သည်။ စီးပွားရေးသမား ဖြစ်၍ မျက်နှာရိပ်၊ မျက်နှာကဲဖမ်း တော်သည့် ဖေ့ကြောင့် ကိုခန့်ပြုံးထားရသည်။

"အသစ်ဖွင့်မဲ့ စားသောက်ဆိုင်တစ်ခုမှာ မန်နေဂျာ ရာထူးနဲ့။ ဆိုင်ကသေးပေမဲ့ လစာက မဆိုးပါဘူး"

ဖေက သဘောတကျ ခေါင်းညိတ်သည်။ မေ သိရင်တော့ မလွယ်ပါ။ မေ က မျိုးရိုးစဉ်ဆက် ချမ်းသာလာသူ ဖြစ်၍ ထိုအလုပ်ကို လက်ခံနိုင်မည် မဟုတ်သော်လည်း ဖေ့လို လူအတွက်ကျ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဖြစ်သည်။

"အေးကွာ။ ကောင်းတာပေါ့။ ငါ့သား ကြိုးစားနော်။ ငါ့သား စီးပွားရေးအကြောင်း နားလည်ရင် ဖေ့လုပ်ငန်း လွှဲခဲ့လို့ရတာပေါ့။ မင်း အမေတွေက ပညာဂုဏ်မောက်နေကြတာ အဲ့ဆရာဝန်တွေ မျိုးရိုးထဲ ငါ့သားက မသိမ်ငယ်နဲ့။ အလုပ်ကြိုးစားပြလိုက်။ ဖေ သွားနားမယ်"

ဖေ ထသွားမှ ကျောမတ်ကာ ထိုင်ထားသည့် ကိုခန့် တစ်ကိုယ်လုံးကို ပျော့ခွေပစ်လိုက်သည်။ ဖေ က သူ့အား အမြဲဆုံးမ၏။ ယောကျာ်းကောင်းတစ်ယောက် ဖြစ်အောင် နေရမည်ဟု သြဝါဒခြွေတတ်၏။ ထို့ကြောင့် သူဟာ Gay တစ်ယောက်ဖြစ်ကြောင်း မေ သိသော်လည်း ဖေ မသိပါ။
မေ က "it's ok" သော်လည်း ဖေ ကတော့ သူ့အား ထထိုးလောက်ပါသည်။

ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete Where stories live. Discover now