Book Relationship

4.2K 592 21
                                    

(Zawgyi)

ကော်ဖီဆိုင်ထဲမှာ ဖွင့်ထားတဲ့သံစဉ်အေးအေးလေးကို စီးမြောခံစားရင်း tablet ပေါ်မှာ pen နဲ့ တောင်ခြစ်မြောက်ခြစ်လုပ်နေသည်။

ဒီနေ့ကနားရက်မို့ အပြင်ကိုလမ်းခဏထွက်လျှောက်တုန်း မထင်မှတ်ပဲ မိုးကရုတ်တရက်ရွာလာတာမို့ ကော်ဖီဆိုင်လေးထဲ မိုးဝင်ခိုမိသည်။

သဲသဲမဲမဲရွာနေတာမျိုးမဟုတ်ပဲ တဖြောက်ဖြောက်နဲ့မရပ်မနားရွာနေတဲ့မိုးကြောင့် ထိုင်နေရင်းနဲ့ သူပျင်းလာသည်။ ကော်ဖီထပ်မှာသောက်မလို့ ရည်ရွယ်လိုက်ပေမယ့် မျက်စိရှေ့က ကော်ဖီခွက်အလွတ်လေးနှစ်ခွက်ကြောင့် ထပ်မှာမယ့်အစီအစဉ်ကို သူဖျက်ပစ်လိုက်သည်။

ဆိုင်ကနေ ထီးငှါးပြီးအိမ်ပြန်ရင် ရပေမယ့်လည်း သူမပြန်ချင်။ တစ်ယောက်တည်းနေရမှာချင်းတူတူ အခန်းထဲမှာခွေပြီး depression ဝင်အောင်တော့ သူမနေချင်ပါ။

အဲ့လိုနဲ့ပဲ ခေါင်းစဉ်မယ်မယ်ရရမရှိပဲ လက်စွဲတော် tablet ကိုထုတ်ပြီး မျက်စိရှေ့မြင်မြင်သမျှ တောင်ခြစ်မြောက်ခြစ်လုပ်နေခြင်းဖြစ်သည်။

မှန်ကာထားတဲ့ ဆိုင်မျက်နှာစာကို မိုးစက်လေးတွေ တစက်စက်လာစင်နေတာကိုကြည့်ရင်း မျက်စိကလမ်းအကျော် မျက်နှာချင်းဆိုင်က စာအုပ်ဆိုင်လေးဆီအကြည့်ရောက်သွားတော့ အတိတ်က​နေ့ရက်များကို ပြန်လွမ်းမိသွားသည်။

~~~~~~~~

" သားငယ်လေး မေမေ့ကို ဆိုင်လေးခဏစောင့်ထားပေးနော် "

" ဟာ..မေမေကလဲ "

" ခဏလေးပါ သားသားရယ်.. မေမေ ဈေးခဏသွားပြီးပြန်လာခဲ့မယ် "

သူ့ကိုပြောနေရင်းပင် ခြံပြင်ရောက်သွားပြီဖြစ်သောမေမေ့ကို သူ နှုတ်ခမ်းကြီးစူပြီးကြည့်နေလိုက်သည်။ မေမေနဲ့သူသာရှိတဲ့ မိသားစုအသိုက်အမြုံလေးက မစည်ကားသော်လည်း နွေးနွေးထွေးထွေးနဲ့ ပျော်စရာကောင်းလှသည်။

သူ့ဖေဖေက ဘဝသက်တမ်းတိုလွန်းသဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဘဝရောက်ရရှာသောမေမေက တစ်ပင်လဲသော်လည်း တစ်ပင်မထူပဲ သူ့ဘဝကိုသာ တည့်တည့်မတ်မတ်ဖြစ်အောင်ထူထောင်ပေးခဲ့သည်။

One Shot StoryWhere stories live. Discover now