"နောက်လည်း လာခဲ့ဦးနော်"
"ဟုတ်ကဲ့ အန်တီနန်း"
နောင်နောင် အန်တီနန်းကို ပွေ့ဖက် နှုတ်ဆက်လိုက်သည်။ မေမေ လာခေါ်သဖြင့် သူ တောင်ကြီးကို ပြန်ရတော့မည်။ လမ်းပေါ်ရောက်တော့ ဦး ရဲ့ အိမ်ရှိရာဆီ တစ်ချက်မျှော်ကြည့်မိသေး၏။ပါတ်ဝန်းကျင်တွင် နှင်းမြူတွေဆိုင်းနေပုံက လွမ်းငွေ့တွေ ဝေနေသယောင်။ ရင်ထဲ၌ တစ်စုံတစ်ရာ လစ်ဟာနေသလို ခံစားချက်။ ဘယ်တော့မှ ပြန်ဆုံနိုင်မည် မသိသော လူတစ်ယောက်ကို နောင်နောင် ခုကတည်းက သတိရ နေပေပြီ။
"မေ့သားက ကလောမှာ တော်တော် ပျော်ပုံပဲ...ပြန်ရမှာကို မျက်နှာမကောင်းတော့လေ"
"အကြာကြီးနေခဲ့တော့ သံယောဇဥ္ ဖြစ်လို့ပါ မေမေရ"
"ဟုတ်ပါပြီ...နောက် သားဖေဖေ သွားတဲ့အခါ ထပ်လာလို့ ရသားပဲ"
"ဟုတ်ကဲ့"
သူ ခုံကိုမှီကာ ကားပြတင်း ရဲ့ အပြင်ဖက်ကို ငေးကြည့်နေလိုက်သည်။မေမေ ဖွင့်လိုက်တဲ့ ရေဒီယိုဆီမှ သီချင်းတစ်ပုဒ် ပျံ့လွှင့်လာ၏။
**တစ်ရွာသား ရည်းစားထားရင်လေ....ပုဝါ ပါးပါးလေးလည်း စွန်းမှာ စိုး...** တဲ့။
မဆီမဆိုင် သူ ဦးကို သတိရသွားတော့ ရင်ထဲ တစ်မျိုးလေး။
တကယ်တမ်းဆိုလျှင် ဦးရဲ့ အကြောင်း သူ
သိပ်မသိပါ။ ရင်းနှီးခင်မင်ခဲ့ကြပေမဲ့ ဘောင်တစ်ခုအတွင်းမှာပဲ ရှိခဲ့သည်။ ယုတ်စွအဆုံး
ဦးက အိမ်ထောင်ရှင်လား တစ်ကိုယ်တည်း သမားလား ဆိုတာမျိုးတောင် သူ မမေးခဲ့ဖူးပေ။"အစိုင်းက စတော်ဘယ်ရီတွေ ခူးနေပြီ"
"ဗျာ..."
သူ သေချာ မကြားလိုက်တာကို မေမေက သတိပြုမိပုံရ၏။ စူးစမ်းသလို ကြည့်ရင်းက
ပြုံးသည်။"စတော်ဘယ်ရီတွေ ပေါ်ပြီလို့ ပြောတာ"
"ေဩာ်...သား ခူးလို့ မှီသေးလား"
"ပြန်ရောက်ရင် အစိုင်းဆီ သွားကြည့်လေ"
"ဟုတ်"
အရင်နှစ်တွေက ဒီအချိန် ကိုစိုင်းရဲ့ ခြံထဲမှာချည်း။ သူသွားစရာဆိုလို့ အိမ်နှင့်ကျောင်းရယ်...ကိုစိုင်းရဲ့ ခြံတွေထဲရယ်ပဲ ရှိတာ မဟုတ်လား။ တခြားနေရာဆို ကိုစိုင်းပါမှ သွားရသည်။ လက်ချိုးရေလို့ရသော သူငယ်ချင်းတွေနှင့်ပင် မတွေ့ဖြစ်တာ အတော်ကြာပြီ။