ဒီနေ့ ကာရန့်ကို ဆေးရုံရွှေ့မဲ့ရက်ပင်။
စိုင်းခန့် တစ်ညလုံး အိပ်မပျော်ပေမဲ့ အာရုံတက်ချိန်ကတည်းက အိပ်ရာထသည်။ မခွဲရခင်လေးတော့ သူ ကာရန့်အနားမှာ အချိန်ပြည့်ရှိချင်တာကြောင့် မနက်ခင်းစောစောမှာပဲ ဆေးရုံသို့ ရောက်သည်။
ကာရန့်အခန်းထဲက ကျူးလစ်ပန်းတွေ မညိုးသေးပေမဲ့ သူခူးလာသည့် လိမ္မော်ရောင် နှင်းဆီတွေနဲ့ ပန်းအိုးမှာ အစားထိုးလိုက်သည်။
ကာရန် လှဲလျောင်းနေသည့် ခုတင်ဘေးတွင် ထိုင်ရင်း စိုင်းခန့် အတွေးတွေက အတိတ်ဆီမှာ တဝဲလည်လည်။
ကာရန့်လက်တစ်ဖက်ကို ဖွဖွလေး ဆုပ်ကိုင်ထားရင်း သူ ကျောင်းသားဘဝတုန်းက အချိန်တစ်ခုကို ပြန်မြင်ယောင်လာသည်။
အဲ့ဒီ့တုန်းက သူပျိုးထားသည့် လိမ္မော်ပင်တွေ သီးစ...။
အဖေက သူ့ကို "သား အရွယ်ရောက်လာရင် သစ်သီးခြံတွေကို ဦးစီးလိုစိတ်ရှိသလား"ဟု မေးတော့ ဆယ့်နှစ်နှစ်အရွယ် စိုင်းခန့် စိတ်ဆန္ဒပြင်းပြစွာ ခေါင်းညိတ်ခဲ့သည်။
စိုက်ပျိုးရေးနှင့်ပါတ်သက်လို့ အဖေ သင်ကြားပေးသမျှ မှတ်သားကာ ကိုယ်တိုင်လည်း လေ့လာ၍ သစ်သီးပင် တစ်ပင်ကနေ နှစ်ပင်၊ သုံးပင်ကနေ လေးပင် စသဖြင့် စိုင်းခန့် ကောင်းမွန်စွာ ပျိုးထောင်လာနိုင်တော့ အဖေက အိမ်တောင်ဘက်တွင် စိုက်ခင်းငယ်လေး လုပ်ပေးခဲ့၏။
ပြုစုရန်က သူ့တာဝန်မို့ မနက်ခင်း ကျောင်းမသွားခင် နှင့် ညနေ ကျောင်းကနေပြန်လာချိန်တွေဆို သူက အမြဲ သူ့စိုက်ခင်းလေးထဲမှာပဲ အချိန်ကုန်နေတတ်သည်။ ကျောင်းပိတ်ရက်ဆိုလျှင် အဖေနှင့်အတူ ခြံထဲ လိုက်ဆင်းလေ့ရှိကာ သူ ဆယ်တန်းပြီးရင် သစ်သီးခြံကြီးတွေထဲမှာ အလုပ်စလုပ်ဖို့ ရည်မှန်းထား၏။
တစ်နိုင်တစ်ပိုင် သူ့စိုက်ခင်းလေးထဲမှာတော့ စတော်ဘယ်ရီတွေရှိသည်။ ပန်းသီးပင်အချို့ရှိသည်။ သစ်တော်ပင်နှင့်သရက်ပင်တွေလည်းရှိသည်။ နှစ်ရှည်ပင်တွေအနက် လိမ္မော်ပင်တွေကတော့ ဒီနှစ်မှ စသီးတာဖြစ်သည်။