အပိုင်း -- ၉

6.5K 583 13
                                    

𝚄𝚗𝚒𝚌𝚘𝚍𝚎

🍀🌹

ထမင်းစားခန်းထဲမှ မမခွန်းထွက်သွားသည်နှင့် လမင်းထမင်းစားနေသည်အားလက်စသတ်ကာ ထိုင်ခုံမှထလိုက်သည်။

"လမင်းစားပွဲကူရှင်းပေးမယ်နော် မနှင်း "

စားပွဲပေါ်မှပန်းကန်များသိမ်းနေသောမနှင်းအား လမင်းကူသိမ်းပေးလိုက်သည်။အားလုံးပြီးစီးသွား၍ထမင်းစားခန်းထဲမှထွက်လာတော့ ဧည့်ခန်းထဲမှာ မမခွန်းတို့မိသားစုစကားပြောနေကြ၏။
လိုချင်တာရသွားသည့်ကလေးတစ်ယောက်လို မမခွန်းက အန်တီ့ရင်ခွင်ထဲတိုးဝင်ကာချွဲနေလေ၏။ထို့ကြောင့် လမင်းလည်းဧည့်ခန်းထဲသို့မသွားတော့ဘဲ အပေါ်ထပ်သို့သာတစ်ခါတည်းတက်လာခဲ့လိုက်သည်။

အခန်းထဲရောက်မှမနက်ဖြန်အတွက်လိုအပ်သည့်မှတ်စုများကို စာအုပ်ထဲတွင်ကူးရေးရန်သတိရမိ၏။ထို့ကြောင့် စာကြည့်စားပွဲတွင်ထိုင်လိုက်ပြီး စားပွဲပေါ်ရှိဘူးလေးထဲမှခေါင်းစည်းကွင်းလေးတစ်ခုကိုယူကာ ဆံပင်များကိုဖြစ်သလိုစုစည်းလိုက်သည်။ထို့နောက်တွင်တော့ စားရေးခြင်းကိုလမင်းစတင်လိုက်ရ၏။
ဆယ်မိနစ်ခန့်အကြာတွင်တော့ အားလုံးပြီးစီးသွား၍ စာအုပ်များအားစနစ်တကျစီလိုက်သည်။ပြီးနောက် ထိုင်ရာမှထကာအကြောဆန့်မိ၏။ထိုအချိန်တွင် ထွက်ပေါ်လာသောတံခါးခေါက်သံကြောင့် လမင်း အခန်းတံခါးရှိရာသို့ အလျင်အမြန်ပြေးရပြန်သည်။
တံခါးအပြင်ဘက်မှာရပ်နေသူကတော့ မမခွန်းရဂုံနွယ်ပင်။ဝတ်ထားသည်က လမင်းနည်းတူ လက်ရှည်မပါဘဲ စပန့်ဝမ်းဆက်မိုးပြာရောင်လေးသာ။ဆံပင်ရှည်များကို ခပ်ဖွဖွစည်းနှောင်ထားသောကြောင့် သူမမျက်နှာထက်မှာ ဆံနွယ်များက စည်းကြိုးလက်ထဲမှအလုအယက်ရုန်းထွက်ပြိုဆင်းနေကြသည်။

လှသည်။ရှင်းသန့်နေသောဖွေးဥဥအစ်မမျက်နှာလေးဟာ သိပ်ကိုလှ၏။မန္တလေးသူဟုပြောပေမယ့် ဝင်းဖြူနေသည့်အသားအရေဟာ တိုင်းရင်းသူတစ်ယောက်ပမာ။သေးသွယ်သွယ်ခန္ဓာကိုယ်နှင့် သူလောက်နီးနီးရှည်လျားသောအရပ်ကြောင့်လည်း အစ်မရဲ့အလှဟာပိုပြီးထင်းလင်းနေသည်။

လမင်းအချိန်မည်မျှကြာ ငေးကြည့်မိသွားသည်မသိ။သူ့နာမည်ခေါ်သံကြားမှပင် အစ်မဘေးနား ယောင်နနနှင့်သွားရပ်မိသည်။

ကိုယ်ရွေးချယ်သည့် ကံ Where stories live. Discover now