ဟိုတယ် အခန်းတစ်ခု၏ လေအေးပေးစက်အသံသည် သာမန်ထက် ပို၍ ကျယ်နေသည်ဟု ထင်မှတ်လောက်ရအောင် အခန်းသည် ကြောက်မက်ဖွယ်ကောင်းစွာ တိတ်ဆိတ်နေခဲ့သည်။ အခန်းထောင့် တစ်နေရာတွင် နံရံကို ကျောပေးကာ အရုပ်ကြိုးပျက် ပုဆစ်တုပ်ထိုင်နေသည့် ကောင်လေးတစ်ဦးသည် အသက်ကင်းမဲ့နေသူတစ်ဦး၏ မျက်နှာသွင်ပြင်နှင့် ငြိမ်သက်အေးစက်စွာ ရှိနေခဲ့သည်။ ဒူးများကို လက်ဖြင့် ပိုက်ထားပြီး ဒူးခေါင်းများပေါ်တွင် မျက်နှာကို အပ်ကွယ်လျက် မလှုပ်မယှက် ထိုင်နေခဲ့သည်။ ဟင့်အင်း...မဟုတ်သေးဘူး။ သေချာကြည့်လျှင် ကောင်လေး ခန္ဓာကိုယ်လေး တချက်တချက် ဆက်ခနဲ သိမ့်ခနဲ လှုပ်ခါသွားသည်ကို တွေ့မြင်နိုင်သည်။ အပြင်းအထန် ငိုကြွေးပြီးကာစ ကလေးငယ်တစ်ယောက် အငိုရှိန်လက်ကျန်လေးနှင့် ရှိုက်နေသလိုမျိုး။
ကောင်လေး ငိုနေတာလား...။ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။
ထိုစဉ်တွင် ကောင်လေး၏ ခေါင်းလေးသည် ဖြည်းလေးစွာ မေ့ာလာခဲ့သည်။ သို့သော် ကောင်လေး၏ မျက်နှာပြင်တွင် မျက်ရည်စများ ရှိမနေခဲ့ပါ။ ကောင်လေး၏ မျက်ဝန်းများသည် ဒေါသငွေ့ငွေ့ဖြင့် သို့မဟုတ် ခံပြင်းခါးသက်မှုများဖြင့် နီဆွေးရဲတောက်လျက် ရှိသည်။ ကောင်လေးသည် ပိရိတိကျသော နှုတ်ခမ်းထူထူလေးများကို တင်းတင်းစေ့ထားသည်။ ကောင်လေး၏ မျက်ဝန်းများနှင့် နှုတ်ခမ်းများကို ပေါင်းစပ်ကြည့်မိလိုက်လျှင် မာကျောခက်ထန်နေသော သွင်ပြင်တစ်ခုကို ရှင်းခနဲ မြင်တွေ့နိုင်သည်။
ကောင်လေး၏ မျက်ဝန်းများသည် ဟိုတယ်အခန်းအတွင်းက မွေ့ရာတစ်ခုပေါ်ရှိ တစ်စုံတစ်ခုကို ပေါက်ထွက်မတတ် စိုက်ကြည့်နေရင်း ခုနကထက် ပို၍ မာကျောတောက်လောင်လာခဲ့သည်။ ထိုအရာကို အစိမ်းလိုက် စားမတတ်၊ ဝါးမတတ် ကြည့်နေသည့် ကောင်လေး၏ မျက်ဝန်းများသည် ပို၍ ပြင်းထန်စူးရှလာသည်။ ကောင်လေး၏ မျက်ဝန်းများသည် မီးညွန့်မီးလျှံ တစ်ခုသာဖြစ်ခဲ့လျှင် ကောင်လေး စွဲမြဲစူးရှစွာ စိုက်ကြည့်နေခဲ့သည့် ထိုအရာသည် ပြာမှုန်လေးတစပင် မကျန်အောင် လောင်ကျွမ်းပျောက်ကွယ်သွားမည်ထင်သည်။
