ဖုန်းအဝင် နံပါတ်ကလေးတစ်ခုကို ခပ်တွေတွေ စိုက်ကြည့်လျက် မဏိ ကိုင်သင့်၊ မကိုင်သင့် ချင့်ချိန်ကာ တွေဝေနေမိသည်။ ထိုစဉ်မှာပင် ဖုန်းလေး ပြန်ကျသွားခဲ့သည်။ ဒုတိယအကြိမ် ပြန်လည်ခေါ်ဆိုမှုတွင်တော့ မဏိ မချင့်မရဲနှင့် ဖုန်းဖြေလိုက်ပါသည်။
“ဟဲလို…”
“အစ်ကို…၊ အစ်ကို သံမဏိလားဟင်”
“အင်း…”
“ညီလေးပါ၊ မာနလေ… အစ်ကို့ရဲ့ ညီလေး မာနပါ အစ်ကို”
မာန၏ လေသံသည် ပုံမှန်အတိုင်း မဟုတ်ဘဲ ထူးခြားစွာ ချိုသာပျော့ပြောင်းနေခဲ့သည်။ ညီလေး ဆိုသည့် အသုံးအနှုန်းလေးကို မဏိ ကြားလိုက်ရချိန်တွင် မဏိ ရင်ခွင်တစ်ခုလုံး လစ်ဟာနာကျင်သွားရသည်။ မဏိ မသိတတ်ခင် ကလေးဘဝတုန်းက အမေဖြစ်သူ နှင်းပန်းကို အငယ်လေးတစ်ယောက် မွေးပေးပါဟု ကလေးပီပီ ပူဆာခဲ့ဖူးသည်။ ကျောင်းတွင် သူငယ်ချင်းများက သူတို့၏ ညီငယ်၊ ညီမငယ်လေးများကို ယုယကြင်နာစွာ ဂရုစိုက်စောင့်ရှောက်ခြင်းများကို တွေ့မြင်ရချိန်တိုင်း မဏိ အားကျရသည်။ မဏိလည်း သူတို့လို ညီငယ်၊ ညီမငယ်ကလေး၏ လက်ကိုတွဲရင်း ပြေးလွှားဆော့ကစားချင်ခဲ့မိဖူးသည်။
မဏိ၏ ထိုဆန္ဒကလေးသည် ဘယ်တော့မှ ဖြစ်မလာနိုင်မှန်း မဏိ သိတတ်စအရွယ်တွင် နားလည်လက်ခံပြီးနောက်တွင် မဏိ ဆန္ဒလေးကို အိပ်မက်တစ်ခုကဲ့သို့သာ သဘောထားလိုက်ရသည်။ သို့သော်… မဏိ သည်ဘဝတွင် ဘယ်တော့မှ မရရှိနိုင်တော့ဟု ယူဆလက်ခံထားသည့် မဏိ၏ ညီငယ်ကလေးသည် အခုပင် ပဉ္စလက်ဆန်စွာ မဏိနှင့် ဖုန်းပြောနေခဲ့ပြီတဲ့လား။
“အင်း… မာန ပြော၊ အစ်ကို သိပါတယ်”
“ညီလေး အားလုံး သိပြီးပါပြီ အစ်ကို၊ အစ်ကိုနဲ့ ညီလေးဟာ အဖေ တစ်ယောက်တည်း ဖြစ်ပြီး သွေးသားတော်စပ်တယ်ဆိုတာ ဖေဖေ ပြောပြပြီးလို့ ညီလေး သိပြီးပါပြီ အစ်ကို”
“အင်း မာန၊ အစ်ကိုလည်း သိပြီးပါပြီ”
“ညီလေး အစ်ကိုနဲ့ ဆုံချင်တယ်၊ ပြောစရာ စကားတွေလည်း အများကြီး ရှိတယ်။ အစ်ကို့အပေါ် ပြောမှားဆိုမှား ရှိတာတွေအတွက်လည်း ညီလေး တောင်းပန်ချင်တယ်။ ပြီးတော့… ဖေဖေ…၊ ဖေဖေကလည်း အစ်ကို့ကို တောင်းပန်စကားပြောချင်တယ်တဲ့”
