ခြံဝန်းကျယ်ကြီးတစ်ခုသည် ရောင်စုံလျှပ်စစ်မီးများဖြင့် ပြိုးပြိုးပျက်ပျက်အသက်ဝင်လှုပ်ရှားလျက်ရှိသည်။ ရောင်စုံလျှပ်စစ်မီးသီးကလေးများကို သွယ်တန်းကာ အလှဆင်ထားသည့် မီးကြိုးလေးများသည် ခြံဝန်းကြီး၏ မြက်ခင်းစိမ်းကွင်းပြင်ငယ်လေးတစ်ခုအပေါ် စိုက်ပျိုးထားသည့် အလှစိုက်အုန်းပွားပင်ကြီးများ၏ အကိုင်းအခက်များအပေါ် မြွေတစ်ကောင်ကဲ့သို့ တွန့်ကာ ခွေကာဖြင့် ရစ်ပတ်ထားသည်။ မီးသီးကလေးများ ဖျက်ခနဲ ဖျက်ခနဲ လှုပ်ရှားမှုတိုင်းမှာ အုန်းပွားပင်ကလေး၏ အရောင်များသည်လည်း နီလိုက်၊ ဝါလိုက်၊ ဖြူလိုက်၊ ပြာလိုက်ဖြင့် လှပစွာ ပြောင်းလဲနေသည်။
ခြံဝန်းကြီးအတွင်း တည်ခင်းထားသည့် လေးထောင့်စားပွဲခုံရှည်ကြီးတွင်လည်း စားသောက်ဖွယ်ရာများစွာနှင့် နေရာလွတ်မရှိအောင် ပြည့်နှက်၍ နေသည်။ စားပွဲခုံရှည်ကို ခြံရံထားသည့် ထိုင်ခုံများ၌ နေရာအသီးသီး ယူထားကြပြီးဖြစ်သော ဧည့်သည်တော်များသည် စကားများအော်ဟစ်ပြောဆိုရင်း ရယ်မောပျော်ရွှင်နေကြသည်။ အယောက်(၂၀)စာ စီစဉ်ပြင်ဆင်ထားသည့် စားပွဲခုံရှည်ကြီး၏ ထိပ်ဆုံးသုံးခုံမှာတော့ ထိုင်သူမရှိသေးဘဲ နေရာလွတ်၍ နေသေး၏။ ထိုနေရာ၏ ပိုင်ရှင်များမှာမူ အိမ်ကြီး၏ အရှင်သခင်များသာ ဖြစ်ပါသည်။
လိုက်ကာစလေးကို အသာဖွင့်လှပ်ပြီး မှန်ချပ်များမှတဆင့် အောက်ထပ်ခြံဝန်းထဲသို့ သျှံဓန ငုံ့ကြည့်လိုက်သည်။ လူတွေ စုံလင်လျက်ရှိပြီ။ စားပွဲပေါ်သို့လည်း စားသောက်ဖွယ်ရာများ အဆင်သင့်ခင်းကျင်းပြီးလျက်ရှိပြီ။ တစ်ချက်ပြုံးလျက် လက်ပတ်နာရီကို ကြည့်လိုက်သည်။ (၇)နာရီ ထိုးပြီး (၁၀)မိနစ်။ အိုကေ… ဒီအချိန်ဟာ သူ ဆင်းဖို့ အသင့်တော်ဆုံးပဲ။ သူ ချိန်းထားခဲ့သည့် (၇)နာရီတိတိထက် (၁၀)မိနစ်တောင် စွန်းလျက်ရှိပြီလေ။
လူတွေ သူ့ကို ဒီလို အရေးတယူ စောင့်ဆိုင်းပေးနေရတာကို သျှံဓန သိပ်သဘောကျသည်။ ထို့ကြောင့် ဘယ်တော့မဆို ချိန်းထားသည့် အချိန်ထက် အနည်းငယ် နောက်ကျပြီး သွားလိုက်ရမှ စိတ်ကျေနပ်မှုရရှိသလို ခံစားရသည်။ သို့သော်… သူကတော့ ဘယ်တော့မှ တခြားသူတစ်ယောက်ကို မစောင့်ဆိုင်းနေချင်ပါ။ ဒါက သျှံဓန၏ အကျင့်ဖြစ်သည်။ အတ္တကြီးသည်ဟုဆိုလျှင်လည်း မှန်ပါသည်။ သူ သိပ်အတ္တကြီးပါသည်။
