🌹🌹🌹 လွင်မြူးအိမ် 🌹🌹🌹
တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို ဖြေဆိုပြီးကာစ အချိန်ကာလများဖြစ်၍ စိတ်ဖိစီးမှုများမှ ပူပူနွေးနွေး လွတ်မြောက်လာခဲ့ရသူ ဆယ်တန်းကျောင်းသားကလေး လွင်မြူးအိမ်သည် မြူးကြွရွှင်လန်းလျက်ရှိသည်။ မနက်စောစော အိပ်ရာမှ ထကာ ကျုံးဘေးတွင် လမ်းလျှောက်ရင်း ကိုယ်လက်လှုပ်ရှား အားကစားများကို ပြုလုပ်ရခြင်းကို လွင်မြူးအိမ် နှစ်သက်ပါ၏။ ထိုအလေ့အကျင့်ကလေးကြောင့်ပင် လွင်မြူးအိမ်၏ နှလုံးအိမ် ပေါက်ထွက်မတတ် ချစ်မြတ်နိုးရသည့် ကောင်လေးတစ်ဦးနှင့် ဆုံစည်းခွင့် ရခဲ့ပြန်ပါသည်။ ထိုနေ့က ရာသီဥတုကလေးသည် မှိုင်းမှုန်ရီဝေစွာ သာယာနေခဲ့လေသည်။
လွင်မြူးသည် ထုံးစံအတိုင်း မနက်စောစော အိပ်ရာမှ ထလျက် ကိုယ်လက်မျက်နှာတို့ကို သန့်စင်လိုက်သည်။ ခဲဖြူရောင် အားကစား ရှပ်အင်္ကျီ လက်ပြတ်ကလေးနှင့် ခဲပုတ်ရောင် အားကစားဘောင်းဘီတိုကလေးကို တွဲဖက်ဝတ်ဆင်လိုက်သည်။ နဖူးပေါ်တွင် ဝေ့ဝဲလျက် ကျနေသည့် ဆံပင်များကို အားကစားလုပ်ချိန်တွင် ချွေးမစိုစေရန် အမည်းရောင် နဖူးစည်းကလေးကို ဆံစပ်လေး၏ အထက်နားတွင် ပတ်ထားလိုက်၏။ ထို့နောက် ဆယ်တန်းပြီးချိန်တွင် လွင်မြူး မေမေ လက်ဆောင်ဝယ်ပေးထားသည့် MP3 player ကလေး၏ နားကြပ်ကလေး နှစ်ဖက်ကို နားတစ်ဖက်စီတွင် တပ်လျက် မှန်ကို တစ်ချက်ကြည့်သည်။ ထို့နောက် စိတ်ကျေနပ်စွာ လေတစ်ချက်ချွန်လျက် ဆိုင်ကယ်ကလေးကို စက်နှိုးရင်း ကျုံးတောင်ဘက်ခြမ်းသို့ ဦးတည်မောင်းနှင်လာခဲ့သည်။
လွင်မြူး ကျုံးဘေးရောက်တော့ ကျုံးပလက်ဖောင်းပေါ်တွင် လမ်းလျှောက်နေသူများ၊ ပြေးနေသူများ၊ ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်နေသူများနှင့် စည်ကားလျက်ရှိပြီ ဖြစ်သည်။ လွင်မြူးက ကျုံးတောင်ဘက်ခြမ်း၏ လမ်းဘေးတစ်နေရာတွင် ဆိုင်ကယ်လေးကို ရပ်ထားခဲ့လိုက်ပြီး လမ်းလျှောက်ရန် ပလက်ဖောင်းပေါ်သို့ တက်လာလိုက်သည်။ ထိုအချိန်တွင် MP3 player ကလေးမှ လာနေသည့် သီချင်းကို မကြိုက်သဖြင့် Next ခလုတ်ကလေးကို နှိပ်ကာ သီချင်းနောက်တစ်ပုဒ်ကို ကျော်လိုက်၏။ သည်တစ်ပုဒ်သည်တော့ လွင်မြူး နှစ်သက်ရသည့် အမျိုးသမီး အဆိုတော် မီးမီးခဲ၏ အချစ်ကို သိချိန် ဆိုသည့် သီချင်းကလေးဖြစ်ပါသည်။
