၂၀၁၆ခုနှစ်၊ မန္တလေး။
"မေမေ... မေမေ...
အား... ကယ်ပါဦး....."
အိပ်ရာပေါ်တွင် ခြေဆန့်လက်ဆန့်လျက် ရုန်းကန်အော်ဟစ်ရင်း လန့်နိုးလာခဲ့သည်။ မျက်လွှာတို့သည် ကြောက်လန့်တကြား ဖျက်ခနဲ ပွင့်ဟလာသည်။ ထိုအချိန်မှသာ အိပ်မက်မက်နေခဲ့မှန်း သူ သတိပြုမိသွားသည်။ နံရံပေါ်မှ စက္ကန့်လက်တံ၏ တချက်ချက်မြည်သံနှင့်အတူ စည်းချက်ကျကျ လှုပ်ရှားနေသည့် တိုင်ကပ်နာရီလေးကို သူ လှမ်းကြည့်လိုက်၏။ အချိန်မှာ မနက် (၇)နာရီနှင့် (၁၅)မိနစ်။
အိပ်မက်ဆိုးများမှ သူ အခုချိန်ထိ မရုန်းထွက်နိုင်သေးပါ။ အိပ်မက်ဆိုးများသည် လက်ရှိအချိန်ထိ သူ့ကို ခြောက်လှန့်လှုပ်နှိုးနေဆဲဖြစ်၏။ အခုလို အိပ်မက်ဆိုးတွေ မက်နေခဲ့တာ ဒီနှစ်နဲ့ဆို (၆)နှစ်နီးပါး ကြာမြင့်ခဲ့ပြီလေ။ အိပ်ရာထက်မှ လူးလွင့်ကာ ထလိုက်ပြီး ညအိပ်အဝတ်အစားများကို ချွတ်ချလျက် ရေချိုးခန်းထဲသို့ ဝင်လာလိုက်သည်။ ရေပန်းခလုပ်ကို ဖွင့်လိုက်ချိန်တွင် ဖြောခနဲ ကျလာသည့် ရေမှုန်များ၏ အေးစက်စက် အထိအတွေ့ကြောင့် သူ တစ်ချက် တွန့်သွားသည်။ ရေပန်းတွင် ရေပူစနစ်ပါဝင်သော်လည်း သူ မသုံးဖြစ်ပါ။ အေးမြသည့် ရေမှုန်များ၏ အရသာကိုသာ သူ နှစ်သက်သည်။ ထိုအေးမြမှုသည် သူ၏ အေးစက်လျက်ရှိသော နှလုံးသားကို ပို၍ အေးစက်မာကျောအောင် ကူညီထောက်ပံ့ပေးနိုင်လိမ့်မည်ဟု သူ ယူဆသည်။
ရေချိုးခန်း၏ နံရံတွင် ကပ်ထားသည့် ကိုယ်လုံးပေါ်မှန်ကြီး၏ မျက်နှာပြင်၌ ထင်ဟပ်နေသည့် ရေမှုန်များကြားမှ သူ့ပုံရိပ်ကိုသူ အကဲခတ်လိုက်သည်။ မှန်ထဲမှ ခံစားချက်မရှိသောသူတစ်ယောက်လို ထုံပေပေ မျက်နှာပေးနှင့် မျက်နှာပြင်တစ်ခုကို သူ တွေ့မြင်လိုက်ရသည်။ ပါးရိုးများက ရှည်လျားသွယ်ဆင်းသောကြောင့် မျက်နှာမှာ သွယ်သည်။ မျက်ခုံးများက မထူထဲသည့်တိုင်အောင် မပါးမလျ အနေအထားနှင့် တိကျသေသပ်သည်။ နှာတံကလေးသည် သွယ်လျသော ပါးရိုးများနှင့် လိုက်ဖက်ညီအောင် ရှည်လျားဖြောင့်စင်း၏။ သူ၏ မျက်နှာပြင်တွင် သူ၏မျက်လုံးများကို သူ အနှစ်သက်ဆုံးဖြစ်သည်။ သူ၏ ရင်တွင်းမှ ခံစားချက်များကို မပေါ်လွင်အောင် ဖုံးကွယ်သိုဝှက်ထားပေးနိုင်သည့် လျှို့ဝှက်နက်ရှိုင်းသော မျက်ဝန်းများဖြစ်သည်။
