CTD - 6 (Unicode)

19.1K 1.7K 137
                                    

အပိုင်း (၆)

အတန်းချိန်ပြီး၍ ညီမိုးယံနှင့် ဒေါင်းသက်ညိုတို့ ကန်တင်းသွားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ လှေကားနားရောက်တော့ ဒုတိယထပ်လှေကားပေါ်က စကားပြောသံကို ကြားလိုက်ရသည်။

" ငါ ရိန်းကို တကယ် ကြိုက်တာဟ"

" ရွှေလဝင်းရယ်...နင် လုပ်ပြန်ပြီ၊ မနှစ်က ကင်းကိုလည်း နင်တကယ် ကြိုက်တာပဲမလား၊ ဟိုက ဂေးသွားတယ်လေ"

အသံကြားရုံဖြင့် အစ်မရွှေလဝင်းနှင့် အစ်မသဲလစုတို့ ပြောနေကြမှန်း သိသာသည်။ တွေ့ဖူးသမျှတွေထဲ ဒီအစ်မတွေ၏အသံက မှတ်မိအလွယ်ဆုံးမို့။ ထိုအခါ ညီမိုးယံနှင့် ဒေါင်းသက်ညိုတို့လည်း ဆက်မဆင်းသေးဘဲ လှေကားထိပ်၌ ရပ်နေလိုက်သည်။

"ငါက ဒေါင်းကို ကြိုက်တာ"

" ချိုလဆွေက ဒေါင်းကို ကြိုက်တယ်၊ ရွှေလဝင်းက ရိန်းကို ကြိုက်တယ်၊ ရိန်းနဲ့ဒေါင်းက အချင်းချင်း ကြိုက်တယ်၊ ဟူး..."

အစ်မသဲလစု၏စကားကြောင့် ညီမိုးယံနှင့် ဒေါင်းသက်ညိုတို့ နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် မလုံမလဲ ပြန်ကြည့်လိုက်မိသည်။

" E မေဂျာ ကောင်လေးတွေက အကုန်ဂေးနေကြတာလား မသိဘူးဟာ"

" နင်တို့ သိလား၊ fresher welcome တုန်းကလေ ဒေါင်းကို ရိန်းကြည့်တဲ့အကြည့်တွေမှာ မြတ်နိုးမှုတွေ အများကြီးပါနေတာဟ၊ ဟင်း...ငါတော့ သေလိုက်ချင်တော့တာပဲ"

အပေါ်က နှစ်ယောက်လည်း တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေရင်း ပြုံးလိုက်မိပြီး ဒေါင်းသက်ညိုက အရင် မျက်နှာလွှဲလိုက်သည်။

" အဟမ်း...အဟမ်း..."

" ဟင်.."

သူတို့ဆင်းလာတာမြင်တော့ ပြောနေသည့်စကားတွေကို ရပ်လိုက်ကြသည်။

" ရိန်းနဲ့ဒေါင်း အစ်မတို့ ပြောတာတွေ ကြားသွားသေးလား"

" ဘာပြောတာလဲ၊ မကြားပါဘူး"

" ဪ...တော်သေး"

သူတို့အနောက်မှ အစ်မတို့က လိုက်လာကြသည်။ တစ်ဖွဲ့တည်းလို ဖြစ်နေတော့ အမြဲတမ်း တွဲမြင်နေရတာက မဆန်း။ Fresher Welcome ၏အကျိုးရလာဒ်ကတော့ လူပိုသိသွားတာပင်။ ဒေါင်းသက်ညိုကို မသိသည့်လူတွေကလည်း သိသွားကြပြီး တစ်ကောက်ကောက် လိုက်ကြတော့သည်။ ထိုသို့ အလိုက်ခံရသည့်နေ့ကတည်းက ညီမိုးယံဟာ ထီးကြီးကြီးတစ်လတ်ကို ဝယ်လိုက်သည်။

CTD [Completed]Where stories live. Discover now