EPISODE - 1

2.9K 271 67
                                    

EPISODE - 1 (Unicode)

ဇိမ်ခံပစ္စည်းမျိုးစုံဖြင့် အရောင်အဝါ တဖိတ်ဖိတ်တောက်ပလျှက် လူကုံထံတို့၏ ကြွယ်ဝခြင်းဝိသေသကို ဖော်ပြနေသော ခမ်းနားလှသည့် ဧည့်ခန်းအတွင်း၌ သုံးပွင့်ဆိုင် ခပ်လှမ်းလှမ်းထိုင်ကာ စကားဆိုနေကြသော လူသုံးယောက်ရှိနေသည်။

မဟော်ဂနီရောင် တဖိတ်ဖိတ်တောက်နေသော ဆိုဖာတစ်လုံးစီပေါ်တွင်ထိုင်နေကြသော ထိုလူသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြဟန် ခပ်တန်းတန်း မျက်နှာထားမျိုးဖြင့် ရှိနေကြပြီး တစ်ခါတရံပြုံးပြသည်ကလည်း ဟန်ဆောင်အပြုံးတုသာ ဖြစ်လိမ့်မည်။

" ဒေါ်လေးမရှိတုန်း မင်းဦးလေးဆုံးမသမျှကို သေချာနားထောင်ပြီး လိမ္လိမ်မာမာနေခဲ့နော် ထယ်ယောင်းလေး။ မင်း ဦးလေးက တက္ကသိုလ်က နည်းပြဆရာဆိုတော့ မင်းကို ကောင်းကောင်းမွန်မွန် ဆိုဆုံးမနိုင်မယ်ထင်လို့ ဒေါ်လေး ခရီးထွက်နေတဲ့အချိန် မင်းကို သူနဲ့အပ်ထားခဲ့မှာ။ သူက မကြာခင်မှာ ဒေါ်လေးနဲ့ လက်ထပ်ရမယ့်သူဆိုတော့ မင်းဦးလေးအရင်းလို သဘောထားပြီး သူ့ပြောစကားကို နားထောင်ရမယ် ကြားလား "

သူ့ခင်ပွန်းလောင်းရှေ့ရောက်မှ မပြောစဖူး ချိုချိုသာသာစကားတွေထွက်လာသော အဒေါ်ဖြစ်သူကြောင့် ထယ်ယောင်းစိတ်ထဲ 'သောက်ပိုတွေ'ဟု ရေရွတ်လိုက်သည်။ သို့သော် သူ့မျက်နှာထားက သူ့အတွင်းစိတ်နှင့် လားလားမှမဆိုင်။

လိုသည်ထက်ပင် ပိုပြုံးလျှက် အမြင်ကတ်လောက်ဖွယ်သော အပြုံးမျက်နှာဖြင့် အဒေါ်ဖြစ်သူ၏ ခင်ပွန်းလောင်းကို သိသိသာသာ စူးရဲစွာစိုက်ကြည့်ကာ အဒေါ်ဖြစ်သူဘက်ကို တစ်ဖန်ပြန််လှည့်ရင်း သူတုန့်ပြန်လာသည့်စကားက ဟာသဟုပင် ထင်ရက်စဖွယ်မရှိ။

" စိတ်ချပါ အဒေါ့်ခင်ပွန်းလောင်းကို ကျွန်တော့်ခင်ပွန်းလောင်းလို သဘောထားပြီး စိတ်ရောကိုယ်ပါပုံအပ်ပြီး ပြောသမျှနားထောင်ပါ့မယ်။ ခရီးသွားတာ သိပ်လည်းမကြာစေနဲ့နော်။ တော်ကြာ အဒေါ်ပြန်မလာခင် အဒေါ့်ယောက်ျားနဲ့ကျွန်တော် ညားနေမှဖြင့် "

ကျားသစ်ပျိုတစ်ကောင်ပမာ မာယာအပြည့်ဖြင့် စူးရဲတောက်ပသောမျက်ဝန်းအကြည့်တို့က သူ့စကားက ဟာသမဟုတ်မှန်း သိသာစေသည်။ သို့သော် အဒေါ်ဖြစ်သူမင်ယောင်းအဖို့က ဒီအကြည့်လောက်ကို စာဖွဲ့မည်မဟုတ်။

50 Shades of KimWhere stories live. Discover now