EPISODE - 2

2K 217 79
                                    

EPISODE - 2 (Unicode)

နူးညံ့အိစက်သော အထိအတွေ့...ပူနွေးပြင်းရှသော တအုံ့နွေးနွေးခံစားမှု...နှုတ်ခမ်းထက်စွဲကျန်နေခဲ့သော လွမ်းချင်စရာ အငွေ့အသက်လေးများ...။ မှန်ထဲပြန်မြင်နေရသော ကိုယ့်နှုတ်ခမ်းကိုယ် ပြန်စမ်းမိရင်း အတွေးနယ်ထဲနစ်မျောနေခဲ့မိသူက ဂျွန်ဂျောင်ဂုဆိုသည့် တက္ကသိုလ် Tutorကြီးပင်။

" ဆရာဂျွန် ဘာတွေများ အတွေးလွန်နေတာလဲ။ လက်ဆေးပြီးတာကြာနေပြီကို မှန်ရှေ့က မခွာနိုင်သေးဘဲ နှုတ်ခမ်းကိုစမ်းကြည့်နေတာဆိုတော့ ဇနီးလောင်းနဲ့ အနမ်းပေးဖူးတာတွေပြန်တွေးပြီး ကြည်နူးနေတယ် ထင်ပါ့ "

ဘယ်အချိန်ကတည်းက အိမ်သာလက်ဆေးဘေစင်နား ရောက်နေသည်မသိသော နည်းပြဆရာ ဟွမ်ဂီဘုံး ရွှတ်ရွှတ်နောက်နောက် မေးခွန်းထုတ်လာမှ သူအတွေးလွန်နေကြောင်း သတိပြုမိကာ ရှက်ကိုးရှက်ကန်းဖြင့် ချော်လဲရောထိုင်လိုက်ရပြန်သော ဂျောင်ဂု။

လူမှုရေးသိပ္ပံဘာသာ အထူးပြုသင်နေတဲ့ နည်းပြဆရာတစ်ယောက်က ကိုယ့်ဇနီးလောင်းမဟုတ်သည့် အခြားတစ်ယောက်နှင့် နမ်းခဲ့သည့်အဖြစ်ကို အမှန်အတိုင်းပြောမရသည်မို့ ချော်လဲရောထိုင် နည်းလမ်းကသာ အကောင်းဆုံးဖြစ်မည်။

" ဟုတ်တယ် ဆရာ။ ကျွန်တော် အဲ့ဒီအကြောင်းလေး တွေးမိသွားလို့ မှန်ကြည့်ရင်း နှုတ်ခမ်းကိုပြန်စမ်းနေမိတာ။ ဆရာ အခုလို တည့်တည့်ကြီးမေးချလာတော့ ကျွန်တော် နည်းနည်းတော့ ကြောင်သွားတာပေါ့ "

အဖြစ်မှန်ကို လူမသိသူမသိစေဖို့ ဂျောင်ဂုက အပြုံးမျက်နှာဖုံးတစ်ခုကို ဖန်တီးကာ ဟန်ဆောင်ဖုံးကွယ်လိုက်သည်။ သူမပြောရင် ဘယ်သူမှ မသိနိုင်၍ အိုးမလုံအုံပွင့်သလို မဖြစ်ရအောင်တော့ သူကြိုးစားရမည်။

" တကယ်ပါ ကျွန်တော်တော့ ဆရာ့ကို တကယ်အားကျတယ်။ အိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ်မှာ အသင့်တော်ဆုံး မိန်းကလေးတစ်ယောက်ကို ရှာတွေ့ခဲ့တာဆိုတော့ ဆရာ သိပ်ကံကောင်းလွန်းတယ်။ ဆရာ့ကို ငွေမက်တယ်လို့ ဆိုလိုတာ မဟုတ်ပေမယ့် ရုပ်ရည်ကလည်း အပြစ်ပြောစရာမရှိသလို ကျိကျိတက်ချမ်းသာတဲ့ မင်ယောင်းလို မိန်းကလေးမျိုးက အိမ်ထောင်ဘက်အဖြစ် အရွေးချယ်သင့်ဆုံးပဲ "

50 Shades of KimWhere stories live. Discover now