Unicode
ဂျယ်ယွန်းအိမ်ပြန်ရောက်ချိန်မှာတော့ ညစာစားချိန်ကျော်နေပြီဖြစ်သည်။ အစ်ကိုဟီဆွန်းရဲ့ဖုန်းခေါ်ဆိုမှုကို ရှောင်ရှားချင်လို့ ဘေးတစ်အိမ်ကျော်ကအပျိုကြီးရဲ့အိမ်ကိုခဏသွားလည်နေတာ အချိန်အတော်ကုန်သွားသည်။ ထိုအပျိုကြီးက အပျိုကြီးပေမယ့်စိတ်ရှည်သည်။ ဂျယ်ယွန်းတို့ငယ်ငယ်တုန်းကတည်းက သူတို့သူငယ်ချင်းနှစ်ယောက်ကို တွေ့တဲ့အချိန်မုန့်ဝယ်ကျွေးလေ့ရှိပြီး တစ်ခါတစ်ခါဆိုအရုပ်တွေလဲဝယ်ပေးတတ်သည်။
ကြားထဲအကြာကြီးအဆက်အသွယ်ပြတ်သွားခဲ့တဲ့ အိမ်နီးချင်းအဒေါ်ကြီးရဲ့အိမ်ကို ဒီနေ့မှဘဲဂျယ်ယွန်းအသေအချာရောက်ဖြစ်လေတော့သည်။
သွားသည့်အကြောင်းပြချက်က အပျိုကြီးအိမ်မှာ ကင်မ်ချီတွေနှပ်ထားတာပိုနေလို့သွားယူတာဆိုပေမယ့် ဟိုရောက်တော့ထိုအဒေါ်ကြီးပြောချင်တဲ့ရှေ့ဟောင်းနှောင်းဖြစ်တွေကိုနားထောင်ခဲ့ရပြီး မီးသီးတွေလဲပေးပြီးကျိုးနေနှင့်တဲ့ခုံတစ်လုံးကိုပါ လူမှုရေးအရရိုက်ပေးခဲ့ရသေးတာကြောင့် အချိန်အတော်ကုန်သွားလေသည်။
အိမ်ပြန်ရောက်တော့သူ့တစ်ယောက်စာညစာစားပွဲကသူ့ကိုဆီးကြိုနေသည်။ TV ကြည့်နေသည့်ကိုကိုတို့လင်မယားကတော့ ဆောင်းဟွန်းဟာသူတို့အခန်းထဲဘဲနေနေကြောင်းအသိပေးလာသည်။
ဒီရောက်တာမကြာသေးပေမယ့် ညစာကိုစောစားဖို့ဝမ်းကိုအကျင့်ပေးမိသလိုဖြစ်သည့်အတွက် ဂျယ်ယွန်းဗိုက်တွေဆာနေလေပြီ။ ပါလာတဲ့ကင်မ်ချီကိုသိမ်းရင်း စားစရာရှိတာအရင်စားလိုက်သည်။ အဲ့နောက်တော့စကားပြောဖို့ဖိတ်ခေါ်နေတဲ့ ကိုကိုတို့လင်မယားရဲ့ဖိတ်ခေါ်ချက်ကိုငြင်းကာ အိမ်ပေါ်ထပ်သို့တက်လိုက်မိသည်။
အခန်းထဲရောက်တော့ ခုတင်အောက်ထပ်မှာစောင်ပါးလေးခြုံရင်းအိပ်ပျော်နေသောဆောင်းဟွန်းကို တွေ့လိုက်ရလေသည်။ ဆောင်းဟွန်းကအခုလိုအစောကြီးအိပ်လေ့မရှိပါချေ။ ပင်ပန်းတဲ့အလုပ်လဲထူးလုပ်စရာမရှိပါဘဲ ဘာလို့အစောကြီးအိပ်နေတာပါလိမ့်။