Unicode
စွပ်ပြုတ်ကပူနွေးနွေးလေးဆိုပေမယ့် စားမကောင်းဘူးလို့ဂျယ်ယွန်းခံစားရသည်။ အာခေါင်တွေခါးနေခြင်းက သူ့ကိုသက်သာပြီလို့ပြောနေတယ်ဆိုပေမယ့် ခုနကကြုံတွေ့ထားရတာတွေကြောင့် ပြန်သာဖျားလိုက်ချင်တော့သည်။
အစ်ကိုဟီဆွန်းနဲ့ ပထမဆုံးညစာအတူစားခဲ့ရတဲ့နေရာတွေအတိုင်း ဒီနေ့ထိုင်နေရတယ်။ မသိမသာအကဲခတ်ကြည့်မိရသလောက်တော့ ဆောင်းဟွန်းနဲ့အစ်ကိုဟီဆွန်းဟာ တစ်ယောက်ကိုတစ်ယောက်မကြည်သလိုကြည့်နေသလိုဘဲ။ ထိုအရာဟာ သူစိတ်ထင်တာဘဲဖြစ်ပါစေ။
စိတ်မပါသလိုပါသလိုနဲ့ တို့ကနန်းဆိတ်ကနန်း စားနေမိတုန်း အလုပ်ကိုစောစောသွားစရာရှိလို့ဆိုပြီး ကိုကိုကထမင်းစားတာကိုလက်စသတ်လိုက်သည်။ ကိုကိုနဲ့အလုပ်မတူပေမယ့် နေ့တိုင်းအလုပ်အတူသွားနေကြဖြစ်သော မမသည်လဲလပ်စသတ်ပြီး ထထွက်သွားသည်။
သူတို့နှစ်ယောက်အိမ်ထဲမထွက်ခင်မှာ ပန်းကန်တွေကိုဆေးဖို့နဲ့သိမ်းဖို့အတွက် ဆောင်းဟွန်းကိုတာဝန်ပေးသွားသည်။ သူတို့တတွေရဲ့ ဆက်ဆံရေးအကြောင်း သိကိုမသိတဲ့မမတို့က ဆောင်းဟွန်းကျောင်းသွားတဲ့အခါ အစ်ကိုဟီဆွန်းကတင်ခေါ်သွားဖို့ကိုတောင် ပြောသွားသေးသည်။
ကိုကိုတို့လင်မယားထွက်သွားပြီးတဲ့နောက် သူတို့သုံးယောက်ဘဲ ခြောက်ကပ်အေးစက်စွာ ကျန်ရှိခဲ့တော့သည်။ အခွင့်သာရင်ကျန်နှစ်ယောက်ကို ဂျယ်ယွန်းမေးလိုက်ချင်သည်။ ဘာလို့များ ဘာမှမဖြစ်သလို ဆက်ပတ်သတ်နေကြတာလဲလို့။
ဆက်ပတ်သတ်စရာ ဘာအကြောင်းအချက်တွေရှိနေတာလဲ။ ဂျယ်ယွန်းအတွက်တော့ပေါ့သွပ်လွန်းတဲ့ ရည်းစားစကားအပြောခံခဲ့ရခြင်းဖြစ်ရပ်ဟာ မရှိခဲ့လျှင်ကောင်းမည့်အရာသာဖြစ်သည်။
"ကိုယ်သွားတော့မယ်"
အစ်ကိုဟီဆွန်းဆီမှထွက်လာသောအသံ။ သူ့ကြည့်ရတာ ထမင်းစားပြီးသွားတဲ့ပုံပါဘဲ။ ပြောတဲ့စကားက ဘယ်သူ့ကိုရည်ရွယ်မှန်းလဲမသိ။ ဒီအတိုင်းအသိပေးချက် သပ်သပ်နေလိမ့်မည်။ မမဟွန်းမီပြောသလိုမျိုး ဆောင်းဟွန်းကိုကျောင်းလိုက်မလား တစ်ခွန်းမခေါ်ဘဲ အိမ်ထဲကနေထွက်ခွာလို့သွားတယ်။