တံခါးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ မျက်နှာဖူးဖူးလေး။ အာ... လှလိုက်တာ။ ဘာဆေးအကူမှမပါပဲ သဘာဝအတိုင်း လှနေတဲ့ပုံလေးက တကယ့်အကြည်ဓာတ်လေး။ တကယ်ကိုပဲ ဒီကောင်မလေးက ပုံထဲမှာထက်ပိုလှတာပဲ။
"အော် စက်နေ....သိဒ္ဓိကိုမအိပ်ခင် ဆေးလိမ်းပေးလိုက်ဦး သူ့လိုဆိုလိမ်းမှာမဟုတ်ဘူး"
လက်ထဲကို ဆေးအိတ်လေးထည့်ပေးရင်း သူ့အခန်းထဲသူပြန်ဝင်သွားတဲ့ကျောပြင်လေးကို အကြောင်းမဲ့ တွေဝေစွာငေးမိပြန်သည်။
သူမက သိဒ္ဓိစွမ်းရည်ဆိုတဲ့လူကိုသိပ်ဂရုစိုက်တာ။
"ဘာတဲ့လဲ ယွန်းက"
နောက်က သြဇာအပြည့်နဲ့ ထွက်ပေါ်လာတဲ့ သြရှရှအသံ။
အတွေးစတို့ကိုခါထုတ်ပြီး ခုတင်စွန်းမှာထိုင်ကာ
"မမလေးက အကိုလေးကို ဆေးလိမ်းပေးဖို့ လာပြောတာပါ မအိပ်ခင် ဆက်ဆက်လိမ်းပေးလိုက်ပါဆိုလို့"
ဆေးဗူးထုတ်က အဖုံးဖွင့်ပြီးလိမ်းပေးမယ်ကြံနေတဲ့လက်က လေထဲတွင်ရပ်တန့်သွားရသည်။
"မလိုဘူး"
တကယ်ကိုပြတ်သားတာပဲ။ ကြားထားတဲ့သတင်းတွေအရတော့ ဒီလောက်က ပုံမှန်ပင်။ နှစ်ယောက်သားချစ်လိုက်တာ ခွဲမရဘူးတဲ့။ တစ်ခုခုဒဏ်ရာရလာရင်တောင် မမလေးကလွဲလို့ သူ့ကိုဘယ်သူမှ ထိမရဘူးဆိုပဲ။
ဒါများ ဘာလို့တစ်ခန်းထဲအတူမအိပ်ကြလဲလို့ မေးလိုက်ချင်သည်။
မဟုတ်မှ နှစ်ယောက်သား စိတ်ကောက်နေကြတာလား။ အဲ့လိုလဲ ဟုတ်ပုံမပေါ်ပါ။ တစ်နေကုန်နောက်က တော်လျှောက်လိုက်နေခဲ့တာပဲ။ ရန်ဖြစ်စကားများတာမျိုးလဲမရှိခဲ့။ ဘာတွေများ အလိုမကျတာတွေရှိနေလို့လဲ။
ဟုတ်သည်။ ဒီနှစ်ယောက်က အတော်လေးချစ်ကြတဲ့ပုံ။ ကွယ်ရာမှာလဲ တစ်ယောက်နဲ့တစ်ယောက် စိုးရိမ်စိတ်မချဖြစ်နေတာ ဘေးလူတွေပါ ရင်ထဲထိသည်။
သို့ပေမယ့် အကိုလေးက အိမ်လာအိပ်တိုင်း အမြဲ သူ့အခန်းထဲသာအိပ်သည်။ မမလေးကလဲ တစ်ခါတစ်လေ အကိုလေးကို ရှိတယ်ထင်ပုံမရ။