မိုင်းလားမြို့
လူမျိုးအစုံအလင်ကျက်စားတဲ့မြို့။ အများဆုံးကတော့ တရုတ်စပ်တွေပင်။ မကောင်းမှုမှန်သမျှဖွင့်ဖြိုးတဲ့မြို့လို့လည်းပြောလို့ရသည်။ ဒုစရိုက်လောကရဲ့သားကောင်များ အများဆုံးကျက်စားကြပြီး သူ့နေရာ သူ့ဒေသအလိုက်တော့ စည်စည်ကားကားဖြစ်လှသည်။ ကာစီနိုကြီးတွေမှာလည်း မြို့လည်ခေါင်၌ ထီးထီးမားမားရပ်တည်လျက်။
ဒီမြေအောက်လောကရဲ့ သတင်းစုံကိုတော့ ကာစီနိုမှာ သတင်းယူရသည်။ ထို၌ မသိသည့်သတင်းဟူ၍ ဘာမှမရှိ။ ဘာအကြောင်းသိချင်လဲ။ ဒီမြို့မှာ အာဏာအရှိဆုံး သူဋေးကြီးအကြောင်းလား။ မိန်းမကိစ္စလား။ ဆေးလား။
ဟိုသူဋေးကလောင်းကစားရှုံးလို့ဒေဝါလီခံရတာကအစ ဘယ်သူ့မိန်းမကိုယ်၀န်ပျက်ကျတာအဆုံး သတင်းကြီးငယ်မရွေးအကုန်သိနိုင်သည်။
"အိုက်ဖွန်"
"ဟာ...ကိုသိဒ္ဓိ မတွေ့တာကြာဗျာ"
"ဆိုပါတော့"
"လာ...ကျွန်တော့်နောက်လိုက်ခဲ့"
အိုက်ဖွန်ခေါ်ဆောင်ရာနောက် ဘေးဘီတစ်ချက်ဝေ့ကြည့်ကာလိုက်ရသည်။
အိုက်ဖွန်ဆိုတာ တခြားသူမဟုတ်။ လွန်ခဲ့တဲ့လေးနှစ်ကတည်းက သိဒ္ဓိနဲ့အတူလက်တွဲလာသည့် အလွတ်စုံထောက်တစ်ယောက်ဖြစ်သည်။ ဒီလောကမှာတော့ အိုက်ဖွန်ကဆရာတစ်ဆူပင်။
"ကိုသိဒ္ဓိပြောတဲ့ဂိုဏ်းကို ကျွန်တော်စုံစမ်းကြည့်ပေမယ့် ခုထိအပေါ်ယံသတင်းပဲရသေးတယ်ဗျ အတွင်းကျကျစုံစမ်းလို့မရဘူးဖြစ်နေတယ် ကျွန်တော့်လူတွေ ငါးယောက်နီးပါးရှိပြီ အဲ့ဂိုဏ်းထဲထည့်လိုက်ကတည်းက သတင်းအစအနမရတော့တာ။ ဒါပေမယ့်တစ်ခုတော့ရှိတယ်နော် အပြင်နဲ့အတွင်းဆိုပြီး စည်းနှစ်ခုရှိတာပဲ။ အပြင်ဂိုဏ်းသားတွေထဲကျလူထည့်ရလွယ်ပြီး အတွင်းဘက်စည်းရောက်သွားရင် ဘာအစနမှမရတာပဲ၊ လွယ်တော့မလွယ်ဘူးဗျ"
အိုက်ဖွန်က အခန်းထဲရောက်ရောက်ချင်း သူစုံစမ်းလို့ရသမျှ ကရားရေလွှတ်ပြောနေသည်။ ထိုင်းနဲ့ရှမ်း ကပြားဖြစ်တဲ့အိုက်ဖွန်စကားကိုတော့ နားလည်အောင်သေချာနားစိုက်ထောင်ရသည်။