အိမ်ရှေ့မှာကားရပ်လိုက်တော့ ကိုလူမော်ကအလိုက်သင့်ပင်ခြံတံခါးဖွင့်ပေးလာသည်။ သို့ပေမယ့် ကိုထက်လူကို လက်ကာပြကာ ကားတံခါးဖွင့်ဆင်းလိုက်ပြီးမှ အိမ်ထဲ၀င်ဖို့အချက်ပြလိုက်သည်။
ကိုလူမော်နဲ့ ကိုထက်လူကကြောင်အအနဲ့ဖြစ်နေစဉ်နောက်ပါးဆီမှ
"မမခက်ထန်...မမကကွာ ပြန်လာတာတောင်သားကိုအသံမပေးဘူး"
ယွန်းတို့ကား အိမ်ထဲ၀င်ဖို့ခြံတံခါးအဖွင့်စောင့်နေစဉ် ဘက်မှန်ကတစ်ဆင့်မြင်နေရတဲ့မြင်ကွင်းကြောင့် ကိုထက်လူကိုအချက်ပြပြီး ကားပေါ်ကဆင်းခဲ့တာမလား။ အသန့်လေးက မျက်နှာတွေ ပုဆိုးတွေမှာရွံ့တွေပေပွနေပြီး ဝါးခမောက်ဆောင်းကာ ယွန်းတို့ကားဆီ အပြေးတစ်ပိုင်းလာနေခဲ့တာလေ။
"အဲ့တာ အသာထား ခုပုံစံကဘယ်လိုဖြစ်လာတာလဲ ရွံ့ထဲလူးလာတာလား တစ်ကိုယ်လုံး ပေတလူးနေတာပဲ"
"မမလေး အဖွားကခေါ်ခိုင်းလိုက်လို့"
"OMG!!OMG!!!OMG!!! ဘယ်လိုတောင်ကြည့်ကောင်းနေရတာလဲ"
သူ့ကိုမေးနေစဉ် နောက်ကရောက်လာတဲ့ ကိုထက်လူကို အပီအပြင်ငမ်းနေတဲ့ အသန့်ခေါင်းကိုအားရအောင် ခေါက်လိုက်ပြီးမှ
"ဒေါက်"
"အား"
"အင်...ငမ်းတာက ဘယ်အချိန်ငမ်းငမ်း ငမ်းလို့ရတယ် ခုငါမေးနေတာဖြေဦး"
"ဟီးဟီး မမကလည်း....သားကလယ်ထဲကောက်စိုက်လိုက်နေတာ ကောက်စိုက်ရင်း မမပြန်ရောက်နေတယ်အသံကြားလို့ အပြေးလာတာ ဟွန်း မနေ့ကတည်းကရောက်နေတာကို သားကိုအသိမပေးဘူး"
"ကဲ ရေအမြန်ပြန်ချိုးချည်ဦး ရေချိုးပြီးတာနဲ့တန်းလာခဲ့ ထမင်းမစားခဲ့နဲ့ ကြားလား"
"ဟုတ်ဟုတ်"
အပြေးပြန်ပြေးထွက်သွားတဲ့ကောင်ငယ်လေးကို ကြည့်ကာ အပြုံးတွေအသက်၀င်လာရသည်။ တကယ်ကိုချစ်စရာကောင်းတဲ့ကောင်လေးပင်။ လွမ်းနည်းတူ တွယ်တာရတဲ့ကောင်လေး။ သန့်ဇင်နောင်တဲ့။ အိမ်ကစားရင်းငှား ဦးနောင်နောင်ရဲ့သားလေးဖြစ်သည်။