Chapter 11: စနောက်ခြင်း

662 102 4
                                    


Chapter 11: စနောက်ခြင်း

လှေနဂါးပွဲတော်မရောက်မီရက်အနည်းငယ်အလိုတွင် ဟဲ့ရှောင်ယွင် တစ်ယောက် တောင်ပေါ်သို့တက်သွားခဲ့သည်။ သို့သော်အလေ့ကျပေါက်လေ့ရှိသောသီးပင်စားပင်ရိုင်းများကို များများစားစားမခူးခဲ့ရပဲ ထိုအစားပိုင်ရှင်မဲ့မွန်းသီးပင်တစ်ပင်ကိုတွေ့လိုက်ရသည်။

မွန်းသီးများ သည် မကြီးပေ။ သိပ်ချဥ်လွန်းသည်။ ထို့ကြောင့်အပင်ပေါ်တွင်အသီးများစွာရှိနေလျက် နှင့် မခူးဆွတ်ကြသည်မှာ မဆန်းပါပေ။ လက်မအရွယ်အစားလောက်သာရှိသည်။ အကိုင်းအခက်များပေါ်တွင်တွဲလောင်းကျနေသောအနီရောင်အသီးက လူတိုင်း ကိုသွားရည်တမြမြဖြစ်စေသည်။

ဟဲ့ရှောင်ယွင် လည်းအပင်ကိုတွေ့သည်နှင့် ချက်ချင်းတက်သွားကာ နီနီရဲရဲမွန်းသီးကြီးတစ်လုံးကိုခူးလိုက်ပြီး ပါးစပ်ထဲသို့တစ်လုတ်တည်းထည့်လိုက်သည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်း ချဥ်စူးစူးအရသာကြောင့်သူ(မ) ၏မျက်နှာတစ်ခုလုံး ရှုံ့တွသွားသည်။

မည်သို့ပင်ဆိုစေ ထိုအသီးကဤရက်ပိုင်းအတွင်း သူ(မ) ပထမဆုံးအကြိမ် စားရသော အသီးအနှံဖြစ်သည်။ ထို့ကြောင့် မျက်နှာတစ်ခုလုံးရှုံ့တွအောင်ချဥ်စူးနေသည့်တိုင် မထွေးထုတ်ပဲ လှိုက်လှိုက်လှဲလှဲမျိုချလိုက်သည်။

ဓာတ်လိုက်သလိုချဥ်သွားသောအရသာကြောင့် နောက်တစ်ခါထပ်စားဖို့မရဲတော့သော်လည်း အပင်ပေါ်ရှိနီရဲရဲအသီးများက သူ(မ) ကိုဆွဲဆောင်လွန်းနေသည်။ ထို့ကြောင့် အသီးအချို့ကိုခူးယူလိုက်ပြီး အိပ်ကပ်ထဲသို့ထည့်ကာအိမ်ပြန်ယူသွားလေသည်။

ယောက္ခမဖြစ်သူ ဝမ့်ချွန်ဟွား သည် ဆန်မှုန့်ဖြင့်ပြုလုပ်ထားသောဖက်ထုပ်များကိုထုပ်နေသည်။ လှေနဂါးပွဲတော်ရောက်ရန်ရက်အနည်းငယ်သာလိုတော့သော်လည်း ရပ်ကွက်ထဲရှိအထက်တန်းကျောင်းများက ယခုထက်ထိ မပိတ်ပေးသေးပေ။ ဝမ့်ချွန်ဟွား တစ်ယောက် သူ(မ) ၏သားအငယ်ဆုံးလေး ဖက်ထုပ်မစားလိုက်ရမည်ကို စိုးရိမ်နေမိသည်။

လက်ထဲတွင်မွန်းသီးတစ်ပွေ့တစ်ပိုက်နှင့် ဟဲ့ရှောင်ယွင်တစ်ယောက် အိမ်ခြံဝင်းထဲသို့ဝင်လာချိန်တွင် ကလေးငယ်ကသီးပင်စားပင်များစိုက်ပျိုးထားသောဥယျာဥ်ငယ်ဘေးရှိဗွက်အိုင်ထဲတွင်ဆော့ကစားနေပြီး ဝေ့ကျန့်ဝေ့ ကမူခြံဝင်းအတွင်း ထင်းများခုတ်ထစ်ကာ ဖက်ထုပ်အတွက်လိုအပ်သည့် အမယ်များကိုပြင်ရန်ကူညီလုပ်ကိုင်နေသည်။

MMtrans-9 : တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now