ခြစ်ခြစ်တောက်နီးပါး ပူနေတဲ့ နေမင်းရဲ့ အရှိန်က သူ့အချိန်တန်တော့လဲ အားလျှော့ လာရတော့တာပဲ၊ အိပ်ခန်း ပြတင်းပေါက် က နေ ထယ်ရယ်အပြင်ကို တစ်ချက်ငေးကြည့်မိတော့ နေ့လည်က နေအရှိန်ကြောင့် ရွှေဝါရောင်သန်းနေခဲ့တဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက တဖြည်းဖြည်းချင်း ဖျော့တော့လာ နေပြီ။
အချိန်အခါကြောင့်လျော့ကျသွားတဲ့ နေရောင်က သူအိပ်တန်းမတက်ခင် အပြင်ထွက်လာခဲ့ပြီး ဂစ်တာတီး ချော့မြူပေးပါလို့ ထယ်ရယ့်ကို တောင်းဆိုနေသယောင်မို့ အခန်းထောင့်မှာ ထောင်ထားတဲ့ ဂစ်တာအိတ်အမဲရောင်လေးဆီကို မျက်လုံးအကြည့်ကချက်ချင်းရောက်သွားတယ်။
ဂစ်တာအိတ်ကိုလွယ်လျက် အိမ်ထဲကနေထွက်ပြီး ကမ်းခြေဘက်ကို တောက်လျှောက် ဆင်းလျှောက်သွားတော့ သဲအိအိတွေပေါ် နင်းလျှောက်ရတာကိုက နွေပင်လယ်ရဲ့အရသာ၊
သဲသောင်ပြင် ကမ်းစပ်မှာ ထိုင်ချလိုက်ပြီး ပင်လယ်ဆီကို မျက်နှာမူလိုက်တော့၊ လွမ်းဆွတ်ဖွယ်ခံစား ချက်လေးတစ်ခု ရင်ထဲ ဖြတ်ပြေးသွားခြင်းက မနက်ဖြန်ပြန်လာမှာသိပေမဲ့လဲ ဒီနေ့အတွက်နှုတ်ဆက်သွားတော့မဲ့ လိမ္မော်ရောင်ခပ်ဖျော့ဖျော့ နေလုံး အတွက်သာဖြစ်ပေလိမ့်မည်။အားပျော့နေတဲ့ နေလုံးရဲ့ လိမ္မော်ရောင်က အပြာရောင်ကောင်းကင်ပေါ်ကို ဖြာထွက်နေတော့ ရေဆေးပန်းချီကားတစ်ချပ်ရဲ့ အရောင်တွေကိုရောစပ်လိုက်သလိုမျိုး ၊လိမ္မော်ဖျော့ရောင်နှင့် အပြာရောင် ရဲ့ပေါင်းစည်းသွားမှုက ပန်းခရမ်းရောင်ဆန်ဆန်ပုဇွန်ဆီရောင် ဆန်ဆန် ကောင်းကင်တစ်ခုကို အလွှာလိုက်ရောယှက်ကာဖန်တီးပေးလေတယ်။