ညအခါလသာသာ(Lets Dance Under The Moon )

43 1 0
                                    

Chapter.1
"ညအခါ... လသာသာ
ကစားမလား နားမလား"

##

"ငဝိုင်းရေ ... ငဝိုင်း ...မိညှက်တို့က ညကျလပြည့်ညမို့ ... ဖန်ခုန် မယ် ထုပ်ဆီးထိုးမယ်တဲ့ "

ကျော့ကျော့စကားကြောင့် ငဝ်ိုင်းဆန်ပြာနေရာမှခေါင်းထောင်ကြည့်ပြီး

"အေးအေး ဟုတ်သား ငါမေ့နေတာ... ညစာပြင်ပြီးလာခဲ့မယ် ...ဖိုးချက်တို့မောင်မွှေးတို့ပါဝင်ခေါ်ရဦးမယ် "

"အေးအေး ဒါဆ်ို ငါတို့တွေရေမိုးချိုးပြီး ဘိုးမှန်ကုန်းက ညောင်ပင်ကြီးမှာ လူစုကြမယ်လေ"

"ဟင်... အရီးလေးတို့ ဇရပ်မဟုတ်ဘူးလား အဲ့နေရာက ရွာထဲလည်းဖြစ် မီးတွေလည်းလင်းထိန် မုန့်ဆိုင်လေးတွေ လည်းရှိတယ်လေဟာ"

ကျော့ကျော့က ခေါင်းခါပြလိုက်ပြီး ဆရာမကြီးလေသံဖြင့်

"အဲ့ဒါပြောတာလေ အဲ့ဒါ ...လူတွေရှုပ်တယ်၊ လူကြီးတွေလည်းရှိတယ် ဟိုဟာ မလုပ်နဲ့ဒီဟာ မလုပ်နဲ့ ထွေလီကာလီ ပြောနေဦးမယ် ပြီးတော့ ဘိုးမှန်ကုန်းက တောင်ကမူလေးဆိုတော့ လသာတဲ့ည ပိုတောင်လင်းထိန်ပြီးလှနေဦးမှာ ... မုန့်အတွက်မပူနဲ့ အောင်လေးတို့ ပြန်ရောက်နေတယ် ဒီညစားဖို့သူ့တာဝန်တဲ့ မြို့ကမုန့်တွေပါခြင်းလိုက်ပါလာတယ်တဲ့ "

ငဝိုင်းပျော်သွားသည်။ မြို့က လေဖောင်းမုန့်ထုပ်လေးများ၊ အာလူးကြော်ထုပ်၊ သကြားလုံးလေးများ သူတို့ဆီစားရခဲ၏။

ရွာထဲတွင် အတန်ငယ်ချောင်လည်သော မြေယာ သူဌေးသား အောင်လေး နှင့် အင်းသူကြီးဦးပန်းမြိုင်သား ဇေယျာတို့သာ မူလတန်းအောင်ပြီး အထက်တန်းကို ရန်ကုန်ထိ သွားထားကြလေသည်။ ယခုနွေရာသီကျောင်းပိတ်ရက် ရွာသို့အလည်ပြန်လာကြခြင်းပင်။

ညောင်ရှစ်ပင်ရွာဟု အမည်တွင်သော်လည်း တကယ်တမ်းတော့ ဘိုးမှန်ကုန်းမှ ညောင်ပင်ကြီးအပါမှ ငါးပင်သာရှိလေသည်။ ကျန်အပင်များမှာ မုန်တိုင်းဒဏ်၊ မိုးကြိုးဒဏ်ကြောင့် သေရစ်ပြီဟု လူကြီးများကပြောကြလေသည်။

ဘိုးမှန်ကုန်းဆိုသည်မှာ အင်္ဂလိပ်ခေတ်က သူတို့ရွာမှ ရွာခံ တောပုန်းကြီး "ဘိုးမှန်" အား ကွပ်မျက်ခဲ့ပြီး ဘိုးမှန် ဦးကင်းကျရာ ထိုနေရာတွင်ညောင်ပင်ကြီးပေါက်လာခဲ့သည်ဟု ပါးစပ်ရာဇဝင်များအား လက်ဆင့်ကမ်းခဲ့ကြလေ၏။ မဟုတ်မဟတ်လုပ်၊ အလေးအပေါ့စွန့်တာမျိုး မကြိုက်တာကလွဲ၍ ကြီးကြီးမားမား ခြောက်လှန့်တာမျိုးမရှိခဲ့။

Stories For Long Nights Where stories live. Discover now