Chapter.11(ဖုတ်)

18 1 0
                                    

FOKE
                           (ဖုတ်)

"အန်တီမေလေး ... အန်တီမေလေးရေ"

ရွာတောင်ပိုင်းမှ အေးမိ၏အသံကြောင့် ဒေါ်ကြည်မေ ဟင်းအိုးမွှေပြီး မီးဖိုပေါ်မှချကာ လက်နှီးစုတ်လေးခါးကြားထိုးလျက် ခြံဝသို့အပြေးလေးထွက်လာခဲ့သည်။

" လာပါပြီတော် လာပါပြီ "

" ဦးအောင်မောင်းတို့ အသုဘဟင်းချက်ဖို့လာပြောတာပါတော် အန်တီမေလေး ရဲ့ဝက်သားနီချက် ဆရာတော်တို့ကိုကပ်ချင်လို့တဲ့ "

မှန်ပေ၏ ဒေါ်ကြည်မေ၏ဝက်သားနီချက်ကား သူတို့ရွာတွင် နာမည်ကျော်ပါပေ။ ဦးအောင်မောင်းဆိုသည်မှာလည်းငွေရှင်ကြေးရှင် အတော်ပင်ချမ်းသာသည့်အပြင်၊ လူတန်းစားမခွဲခြားပဲ အလှူအတန်းရက်ရောလှသူမို့ တစ်ရွာလုံးကချစ်ခင်လေးစားကြသည်။ ဦးနှောက်သွေးကြောပေါက်ခြင်းကြောင့်ပင်။

သားတော်မောင်နှင့်လင်တော်မောင်ပြန်လာလျှင်စားရန် ကြက်အူတိုင်ချက်၊ငပိရည်တို့စရာနှင့် ငါးဖယ်ချက်အား ပြင်ဆင်ပြီး အုပ်ဆောင်းနှင့်အုပ်ခဲ့ကာ အသုဘအိမ်သို့ထွက်ခဲ့လေ၏။

အသုဘတို့ထုံးစံအတိုင်းဖဲဝိုင်းကတော့ပါမြဲဖြစ်ရာ ဦးအောင်မောင်း၏အသုဘမှာလူစည်နေတော့၏။ ထို့အပြင် ဦးအောင်မောင်းသည် သားထောက်သမီးခံမရှိသောကြောင့် ရွာရှိလူငယ်များကိုသာ မိမိ၏သားသမီးနှယ် သဘောထားချစ်ခင်ခဲ့လေသည်။ ဇနီးဖြစ်သူ ဒေါ်စန်းမြမှာလည်း တရားသမားပီပီ မျက်ရည်မကျပဲ ခပ်အေးအေးသာ နှုတ်မဆိတ်နေလျက် ခင်ပွန်းဖြစ်သူ၏ ရုပ်အလောင်းအား ကြည့်ကာ အသုဘကမ္မဌာန်းစီးဖြန်းနေလေ၏။

သူများတွေလိုဘုရားဒကာ ကျောင်းဒကာ မဖြစ်ခဲ့။ ဦးအောင်မောင်းသည် စေတီ၊ပုထိုးများတည်ရသည်ကိုဝါသနာမပါ၊ ဆူညံနားညီးသော ကထိန်များကိုအားမပေး။
ဆွမ်းကွမ်းလိုအပ်နေသော သံဃာများကို ဖြည့်ဆည်းခဲ့၏ ဆင်းရဲသော သီလရှင်ကျောင်းများ၊ ရေလိုအပ်နေသောနေရာများ၊ မိဘမဲ့ကလေးများအားလည်း စောင့်ရှောက်ခဲ့၏။ ဘွဲ့ထူး ဂုဏ်ထူးတွေ မလိုချင် ၊ စိတ်မဝင်စား ၊သူလုပ်ချင်ရာထလုပ်တတ်သည့်အကျင့်ရှိသည်။

Stories For Long Nights Where stories live. Discover now