ဆရာခက်ဇော်၏ရည်ညွှန်းစာ

112 1 0
                                    

ကျွန်ုပ်ရဲ့ Stories For Long Nights အတွက် ဆရာခက်ဇော်၏ ရည်ညွှန်းစာ



သားရဲစိတ်ရဲ့ပြတင်း
.....................................
"Violent or Graphic Content" ဘာဘာညာညာ။
ကိုယ့်လူတို့ ဖေ့ဘွတ်သုံးတိုင်း ဒါမျိုးစာတန်းနဲ့ မျက်လုံးကို ကန့်လန်ဖြတ်မျဉ်းနဲ့ ပိတ်ထားတဲ့ ဗီဒီယို ဒါမှမဟုတ် ဓာတ်ပုံတစ်ခုခုမြင်ရင် ကျော်သွားတတ်ပါသလား။
မကျော်သွားပါဘူးဗျ။ အများစုကတော့ ဒီလိုကန့်သတ်ထားတာမျိုး၊ အနိဌာရုံမျိုးဆိုတာကို တမင်တကာကို ရအောင်ကြည့်ချင်တာမဟုတ်လား။
ဒါဟာ ယဉ်ကျေးမှုဆိုတဲ့အလွှာနဲ့ အဆင့်ဆင့် သွန်သင်ခံထားရတဲ့လူသားတစ်ယောက်ရဲ့ စိတ်ထဲမှာ နောက်ထပ် အရိုင်းတကောင်ဟာ အမြဲကိန်းအောင်းနေတတ်တယ်ဆိုတာရဲ့ သက်သေပါ။
ရက်စက်မှုတွေ၊ ထိတ်လန့်ဖွယ်ရာတွေ၊ ကြောက်ရွံ့စက်ဆုပ်စရာတွေကို ခန္ဓာအားဖြင့် မခံစားလိုပေမယ့်..စိတ်အားဖြင့်တော့ မြင်ချင်၊သိချင်၊ခံစားချင်ကြတာကိုး။
ဒါနဲ့ပဲ သတိပေးစာတွေကို ကျော်လွန်ပြီး ပြူးပြဲကြည့်တော့တာပါပဲ။
ကျွန်တော်တို့ ငယ်ငယ်ကဆို လူကြီးသူမတွေရဲ့ တစ္ဆေ၊ သရဲ ၊ စုန်း၊ကဝေ ပုံပြင်တွေနဲ့ ကြီးပြင်းလာကြရတယ်။
ဒီအရာကိုတွေ အင်မတန်မှလည်း ကြောက်ရွံခဲ့ကြတယ်။ ဒါပေမယ့်လည်း တစ္ဆေပုံပြင်တွေ ပြောပြတဲ့အခါ နားလေးတွေစွင့်ပြီး စိတ်ဝင်တစားငေးမောမိတာပါပဲ။
ဒါဟာ ကျွန်တော်တို့ မမြင်ရပေမယ့် ကျွန်တော်တို့နဲ့ အတူယှဉ်တွဲရှိနေပါတယ်ဆိုတဲ့ သဘာဝလွန်လောကတစ်ခု အကြောင်းကို စိတ်က စူးစမ်းလိုမှုပါ။
နောက်တစ်ခုက အဲ့ဒီအကြောင်းအရာ၊အဖြစ်အပျက်တွေကို ရသတစ်ခုလို ခံစားလိုတဲ့ လူရဲ့ ဆာလောင်မှုလည်းဖြစ်ပါတယ်။
ဉာဏ်လင်းထက် ရဲ့ ဝတ္ထုတိုတွေကို ဖတ်ကြည့်တဲ့အခါ ဒီလိုဆာလောင်မှုတွေကို ဖြည့်ဆည်းပေးပါလိမ့်တယ်။
ထိတ်လန့်ကြောက်ရွံစက်ဆုပ်ဖွယ်ရသမျိုးတွေ အပြည့်ခံစားရတယ်။ မထင်မှတ်ထားတဲ့ အချိုးအကွေ့အလှည့်အပြောင်းတွေနဲ့ ဟင်ခနဲ ဟာခနဲ ဖြစ်သွားတာတွေပါတယ်။ မျက်လုံးထဲ ပုံဖော်ကြည့်ရင်တောင် အော်ဂလီဆန်စရာကောင်းတဲ့ သွေးရဲရဲသံရဲရဲ အတုံးလိုက်အတစ်လိုက်တွေပါတယ်။
တချို့ဇာတ်အိမ်တွေက မြန်မာဆန်ဆန်၊ တချို့ကလည်း နိုင်ငံခြားဆန်ဆန်။ တချို့က ရုပ်ရှင်ဆန်ဆန်။
စာအရေးအသားချောတဲ့ထဲ ပါတယ်။
စာအရေးအသားချောတယ်ဆိုတာထက် လူတွေကို နားဝင်အောင် ပြောပြတတ်တယ်လို့ ဆိုရမယ်ဗျ။ တချို့ ဝတ္ထုတိုတွေမှာ နည်းနည်းလေး ဇာတ်ပျိုးတာလေးတာကလွဲလို့ အတော်များများမှာ သူပြောပြချင်တဲ့ဆီကို ဒေါက်ခနဲ ဒေါက်ခနဲ ခေါ်ချသွားတယ်။
ဒါကတော့ စာဖတ်သူတစ်ယောက်အနေနဲ့ ကျွန်တော့်သီးသန့်အမြင်သက်သက်ပါ။
စာဖတ်တယ်ဆိုတာ..ဘဝကြီးတိုးတက်ဖို့တို့ ၊ အသိအမြင်ကျယ်ဖို့တို့ ဆိုတဲ့ တက်ကျမ်းထဲက စကားလုံး ကွန်တိန်နာကြီးတွေကို ခဏတော့ခေါက်ထားလိုက်။
စာဖတ်တယ်ဆိုတာ..ကိုယ့်စိတ်ကိုယ် ဖျော်ဖြေတဲ့ အင်တာတိန်းမန့်တစ်ခု ဆိုတာမျိုး သဘောထား။
ပေါ့ပေါ့ပါးပါးနဲ့ ခြားနားသော ဘဝတွေဆီ ပျံသန်းရင်း အချိန်ဖြုန်းကြည့်တာမျိုး။ စိတ်ဝိညာဉ်ထဲ ငုံ့လျှိုးနေတဲ့ မိစ္ဆာတစ်ကောင်၊ သားရဲတကောင်ကို စိတ်ပြတင်းပေါက်ကနေ ခဏလောက် လွှတ်ပေးလိုက်တာမျိုး။
ဒါမျိုးဆို....ဒီဝတ္ထုတိုတွေဆီက ကျွန်တော်တို့ တခုခုရလိမ့်မယ်ဗျ။

ခက်ဇော်

Stories For Long Nights Where stories live. Discover now