Part 56

235 26 3
                                    

Unicode ver

ကောင်းကင်ဘုံ၏ တော်ဝင်ဆန်သောလမ်းအသွယ်သွယ်တို့က တချိန်ကသူမှတ်မိခဲ့သည့်အတိုင်း လှပမြဲ လှပ​နေဆဲပါပင်။ ထို့နည်းအတူ စွန့်ပစ်ခံနေရာအဖြစ်သတ်မှတ်လိုက်ပြီဖြစ်တဲ့ မက်မွန်တောကြီး၏လှပမှုသည်လည်း ပိုင်ရှင်များမရှိသည့်တိုင် မက်မွန်ပန်းတို့က ဖူးပွင့်မြဲ ဖူးပွင့်နေဆဲပါပင်။

ချီယွမ်သည် သူ၏လက်ထဲရှိ ရှန်းဝူပိုင်၏သွေးတို့စွန်းထင်နေသည့် ဓားရှည်ကို သူလာရာလမ်းတလျောက် တရွတ်တိုက်ဆွဲလာခဲ့လေသည်။ ရှန်းဝူပိုင် တိုက်ခိုက်ခံရမှုကြောင့် တခဏလောက်ရုတ်ရုတ်သဲသဲဖြစ်သွားသော်လည်း တမဟုတ်ချင်းပင် ထိုဖြစ်စဉ်မရှိတော့သည့်အတိုင်း ကောင်းကင်ဘုံသည် တိတ်ဆိတ်သွားခဲ့သည်။ ထို့အပြင် ချီယွမ်၏နောက်သို့ မည်သည့်နတ်စစ်သည်မျှပင် လိုက်လာခြင်းမရှိခဲ့ချေ။

သေချာသည်က ရှန်းဝူပိုင်၏ညွှန်ကြားမှုကြောင့်သာဖြစ်ပြီး မိမိသည့်ထိုသူအား ကျေးဇူးတင်ရန်မလိုချေ။ ထိုသူကိုယ်တိုင် မိမိ၏ဓားသွားအား သူ၏ကိုယ်ထဲသို့ ထိုးသွင်းခဲ့တာဖြစ်ပြီး မိမိသည်သာ လက်စားချေရန် တွန့်ဆုတ်နေခဲ့သူဖြစ်၏။

ချီယွမ်သည် မက်မွန်တော၏အဝင်ဝကိုရောက်လေတော့မှ ထိုတံခါးဝတွင် တခဏမျှရပ်တန့်လိုက်သည်။ သူသည် ရှေ့တွင်မြင်နေရသည့် မက်မွန်တော၏အလှကို အချိန်တစ်ခုအထိ ရပ်ကြည့်နေခဲ့ပြီး အတွေးမျိုးစုံတို့က သူ၏လွတ်လပ်ဖြူစင်ကာ ပျော်ရွှင်ဖွယ်ကောင်းသည့် နတ်သူငယ်ဘဝကို မျက်ဝါးထင်ထင်ပြသနေလျက်ရှိသည်။ လက်ထဲရှိဓားရှည်အား လွတ်ချလိုက်ပြီးတဲ့နောက် တံခါးမကြီး၏အောက်ခြေရှိဘောင်အား ကျော်လိုက်ကာ အထဲသို့ တလှမ်းချင်းဝင်လာခဲ့လေတော့သည်။

မက်မွန်တောကြီး၏ ပတ်ပတ်လည်ကို မျက်တောင်မခပ်တမ်းကြည့်နေခဲ့ပြီး နေရာတိုင်းတွင် သူ၏လှပခဲ့သောအမှတ်တရများက ပြန်မရနိုင်တော့သည့်အရာများသဖွယ် အထီးကျန်စွာတည်ရှိနေ၏။ ချီယွမ်သည် နတ်သူငယ်ဘဝက သူထိုင်နေကြ မက်မွန်ပွင့်သလင်းကျောက်လေးရခဲ့သည့် မက်မွန်ပင်ကြီးအောက်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ လက်နှစ်ဖက်ကိုယှက်လျက် သူ၏ခေါင်းကိုတင်လိုက်လေတော့ ဆံနွယ်ဖြူတို့က ဝဲကာကျလျက်ရှိပြီး မြေပြင်ထက်တွင်ပင် မက်မွန်ပွင့်ကြွေတို့ကြား ရောနှောနေသေး၏။

The Deal With A Demon King Where stories live. Discover now