Now, we are friends.

215 45 23
                                    

ရွက်စုတ်ပြက္ခဒိန်ပေါ်ကနေ စက္ကူတွေ တစ်ရွက်ပြီးတစ်ရွက် ကွာကျသွားတာနဲ့အမျှ တတိတိကုန်ဆုံးနေတဲ့ရက်စွဲတွေဟာ မတ်လကိုချန်ရစ်ပြီး ဧပရယ်ကို ရင်ခွင်သစ်ဖွင့်လို့ ကြိုဆိုလာတယ်။

လမ်းမပေါ်မှာ သစ်ရွက်ခြောက်တွေဟာ လေညင်းသယ်ဆောင်ရာနောက်ကို တရှပ်ရှပ်အသံပေးရင်း လိုက်သွားတာကိုလည်း ဂျယ်ယွန်းက သဘောကျတတ်သေးတယ်။ ဘဝကို ဝတ္ထုတစ်ပုဒ်လို ရှင်သန်သူအဖို့ လူတကာသတိမထားတတ်တဲ့ အဲ့လိုသစ်ရွက်ခြောက်ကအစ ချစ်စရာလေးပဲ။

ကုန်လွန်သွားပြီးတဲ့ရက်စွဲတွေမှာ ဂျယ်ယွန်းအတွက် ဘယ်လိုထူးထူးဆန်းဆန်း ကိစ္စရပ်မျိုးမှ မဖြစ်ခဲ့ဘူး။ ကြည့်ရတာ ဂျယ်ယွန်းအတွက် ထူးခြားဆန်းကြယ်မှုတွေအကုန်လုံးက သူစိမ်းတစ်ယောက်နဲ့တင် လုံလုံလောက်လောက် ရှိသွားပြီထင်ပါရဲ့။

ဆယ်ရက်ကျော်ကာလမှာ သူစိမ်းဟာ အများကြီး ပြန်ကျန်းမာလာခဲ့ပြီ..။ ပုံမှန်ဆို ဒီလိုကျန်းမာသွားရင် ပြုံးပြနှုတ်ဆက်ပြီး အိမ်ရာအစစ်အမှန်ဆီ ပြန်ပို့ရမှာဆိုပေမယ့် အိမ်ကကျေးဇူးရှင်ဟာ အတိတ်မေ့သလိုလို..။ အို..သေချာပေါက် အတိတ်မေ့နေတာပါ။

ကြမ္မာရေစက်ဟာ ဝေ့ပတ်လမ်းမှားလေသလား၊ ဒါမှမဟုတ် လမ်းမှန်ရောက်လေသလား မသိရပေမယ့် မျက်လုံးတောက်တောက်နဲ့လူသားတစ်ယောက်က ဂျယ်ယွန်းနဲ့ ပုခုံးချင်းတိုက်မိလေတော့၊ ဂျယ်ယွန်းမှာ ကြင်နာတတ်သူကြီးဖြစ်ရပြန်ကာ မွေးစားဖခင် ဇာတ်ကို လှလှပပ ကရချေတော့ရဲ့..။

အခုတင် ငှက်ပျောသီးအရသာ ရေခဲချောင်းကို နှစ်ချောင်းဝယ်လိုက်တာမို့ ဆိုင်ရှင်ဦးလေးကတောင် ဂျယ်ယွန်း နွေအပူဒဏ်ကို တော်တော်အံတုနေတာပဲ တဲ့..။ ဦးလေးမှ အိမ်က ဒဏ္ဏာရီလာ သတ္တဝါအကြောင်းကို မသိရသေးပဲလေ..။

တစ်နေ့နေ့တစ်ချိန်ချိန် အခွင့်အခါများသင့်ခဲ့သည်ရှိသော် ကျွန်တော့်အိမ်က စကြာဝဠာမျက်ဝန်းတစ်စုံအကြောင်း ပြောပြရပါဦးမယ်။

''ငါပြန်ရောက်ပြီ..အစ်ကို''

ဆိုင်တံခါးကို တွန်းဖွင့်ရင်း ဟိုအရင် ဂျယ်ယွန်းထိုင်နေကျ ကြိမ်ခုံပေါ်မှာ ထိုင်စောင့်နေ​လောက်မယ့် တစ်စုံတစ်ယောက်ဆီ အသံလှိုင်းအချို့ကို ညင်ညင်သာသာ စေလွှတ်လိုက်တယ်။ အလွတ်ရနေတဲ့ ခြေသံအပိုင်းအစအချို့နဲ့အတူ ဂျယ်ယွန်းရဲ့ စက္ခုအာရုံဆီတိုးဝင်လာတာက ဖက်နုစိမ်းရောင်တောက်နေတဲ့ လူသား..။

Beyond the horizon [Heejake]Waar verhalen tot leven komen. Ontdek het nu