I like the person like you

212 40 23
                                    

ဂျယ်ယွန်းရဲ့ ဘဝအကြောင်းကိုသာ ဇာတ်လမ်းသီရရင် သူနဲ့ အတူရှိနေရတဲ့ အပိုင်းတွေက ဝဿန်ဦးရဲ့ မိုးစက်ကလေးတွေ ခပ်ပါးပါးနမ်းထားတဲ့ မြက်ခင်းနုနုလေးတွေလို နုရွအေးချမ်းနေလိမ့်မှာ..။

တစ်ခါတရံမှာ နှစ်ယောက်သားမျက်နှာချင်းဆိုင်ပြီး ဖောင်ဖွဲ့ခဲ့ဖူးတဲ့ စကားဝိုင်းလေးတွေရှိမယ်၊ တစ်ခါတစ်ရံကျပြန်တော့ အရွယ်နဲ့မလိုက် ဆိုးချင်တဲ့ ကလေးကြီးကို လိုက်ထိန်းရတဲ့ မွေးစားဖခင်ပမာ သက်ရှိနာမ်တရားကို မြင်ရမယ်။

ဒီနေ့လိုမျိုးပေါ့.....ဘာပုံရယ်လို့ အမည်မဖော်နိုင်လောက်အောင် ရွဲ့ပဲ့နေတဲ့ ရွှံ့စေးတုံးကို မရမက ပုံသွင်းနေတဲ့ ခြောက်ပေကလေးကြီးနဲ့ ဘေးနားကနေ တွန့်ကွေး​တော့မယောင် နှုတ်ခမ်းတွေကို ထိန်းချုပ်ရင်း ကူညီလမ်းပြပေးနေတဲ့ အချစ်ရူးကြီးရဲ့ ကယောက်ကယက် မြင်ကွင်းက အရွက်ကလေးတွေရဲ့ အဖျားမှာယီးလေးခိုနေတဲ့ နှင်းစက်လေးတွေလို အေးမြနေတာ..။

''ဂျယ်ယွန်း..ကိုယ်လုပ်တာ တစ်ခုခုတော့ လွဲနေပြီထင်တယ်နော်''

လွဲနေတာ ကြာလှပါပကော..။

သို့သော်ငြား ထိုစကားသံတွေက ဂျယ်ယွန်းရဲ့ ရင်တွင်းမှာပဲ လှိုင်းထခဲ့ပြီး နှုတ်ဖျားကနေတော့ ထွက်မလာခဲ့ပါဘူး။

''ရပါတယ် အီသန်ရာ..ငါ ခုနက ပြင်ပေးခဲ့တဲ့ပုံစံကို ပြန်ချိုးယူလိုက်လေ။''

''လုပ်နေတာပဲ။ မရဘူး..မရဘူး..ဂျယ်ယွန်းလာလုပ်ပေးတော့။''

အောင့်သက်သက်စကားသံနဲ့ စူပုပ်သွားတဲ့ အီသန်က ရွှံ့တုံးပေါ်မှာ ပြေးလွှားနေတဲ့ လက်ချောင်းတွေကို ဖယ်လိုက်ပြီး ဘေးမှာ မတ်တပ်ရပ်နေတဲ့ ဂျယ်ယွန်းကို မော့ကြည့်လာတယ်။

ဘေးမှာရပ်နေရသူဆိုပေမယ့် အီသန်ကို သင်ပြပေးနေရတာကြောင့် ဂျယ်ယွန်းရဲ့လက်တွေမှာလည်း ရွှံ့တွေချည်းပါပဲ။

ဂျယ်ယွန်း တစ်ချက်ပြုံးလိုက်ရင်း အီသန်နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။
အသက်မဲ့တဲ့ရွှံ့တုံးကို သနားမိတာ မျက်စိရှေ့က အီသန့်လက်ထွက်ကို ကြည့်ပြီး ပထမဆုံး ခံစားမိတာပဲ။

Beyond the horizon [Heejake]Where stories live. Discover now