ချစ်သူ
မနေ့တနေ့ကမှ ပန်းပွင့်တွေဝေဆာလာတာ၊
မနေ့တနေ့ကမှ မြက်ခင်းတွေစိမ်းစိုလာတာ၊
မနေ့တနေ့ကမှ မြင်မြင်သမျှလှပလာတာ၊ပြီးတော့...
မနေ့တနေ့ကမှ ကျွန်တော် ချစ်မိသွားတာ။ချစ်သူဟာ ဘာကြောင့် သူဖြစ်နေရတာလဲ။ ကျွန်တော် သိချင်ခဲ့ပြီး ကျွန်တော်သိဖို့မလိုအပ်ခဲ့။
လှပတဲ့ရွှေရောင်နေ့ရက်တွေ၊
သူ့ကို ရင်ခုန်တတ်ကတည်းက စက္ကန့်လက်တံလို ကျွန်တော် ချစ်မိနေပြီးပြီ။ချစ်သူဟာ ဘယ်သူဖြစ်ဖြစ် ကျွန်တော် ချစ်မိခဲ့ပြီးပြီ။
..............
အရှိန်ပြင်းပြင်းဖြင့် လိုရာခရီးသို့ တည့်မတ်စွာဆန်တက်သွားသည့် စက်လှေငယ်ကြောင့် အင်းလေးကန်၏ရေမျက်နှာပြင်ဟာ လှိုင်းလုံးကလေးများ လူးလွင့်ပြီးကျန်ခဲ့ရ၏။ လောလောလတ်လတ်မှ သန့်စင်ထားသော ဝါဂွမ်းများကို နေပြရန်အတွက် စင်ပေါ်မှာကျဲချထားသကဲ့သို့ အပြာရောင်ကောင်းကင်နောက်ခံဝယ် တိမ်တိုက်တွေက အလိပ်လိုက်အထပ်လိုက် ပုံကျနေသည်။ ထိုမို့မောက်နေသည့် တိမ်ဆိုင်တွေဟာ နေရောင်အောက်မှာ ကြည်စင်သန့်ရှင်းနေပြီး တစ်လွှာချင်းစီကို ဖောက်ထွန်း၍မြင်နေရ၏။ ထို့အပြင် စက်လှေပြေးရာလမ်းကြောင်းအတိုင်းကို တကောက်ကောက်လိုက်ခါ ပြေးနေသယောင် ထင်ရသည်မှာက ကမ္ဘာကြီးလုံးဝန်း၍ဖြစ်ပါလိမ့်မည်။
အင်းလေးရွာကြီးအတွင်းမှ နမ့်ဟူးရွာသို့ ဦးတည်နေသည့် စက်လှေမှာ ခြေသလုံးအိမ်တိုင်များစွာ၊ ကျွန်းမျှောစိုက်ခင်းများစွာ၊ ရေပြင်မှာ အတူတူယှဉ်ပြေးနေသည့် စက်လှေပေါင်းများစွာကို ဖြတ်ကျော်လာပြီးသည့်နောက် ဖောင်တော်ဦးဘုရားစေတီရှိရာသို့ရောက်ရှိလာ၏။ ဘုရားမုဒ်ဦး၏ နံဘေးတွင် ပြည့်ကျပ်လျက်ရှိနေသော စက်လှေများနှင့် ထိုစက်လှေများပေါ်တွင် မြင်ကွင်းတစ်ဆုံး ကြာပန်းသည်များကို တွေ့ရပါသည်။ ပတ္တမြားကဲ့သို့ ရဲရဲတောက်နေသည့် အနီရောင် ကြာပန်းတွေ၊ ရှက်သွေးဖြာနေသလို နုနညံ့ညံ့လေး လှနေသည့် ပန်းနုရောင်ကြာပန်းတွေ၊ ထို့နောက် နှစ်ခါပြန် ငေးကြည့်ရလောက်အောင် မှော်ဆန်သည့် ခရမ်းပြာရောင် ကြာပန်းတွေ။ အားလုံးထဲမှာ သုခပြည့်လျှံ၏အာရုံကို ဖမ်းစားလိုက်သည်က တိမ်တိုက်တွေကဲ့သို့ ဖြူစင်သန့်ရှင်းလွန်းသည့် အဖြူရောင်ပဒုမ္မာကြာပန်းတွေပင် ဖြစ်သည်။
YOU ARE READING
လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)
Poetryငါ့အချစ်က အတ္တတွေ မကင်းပေမဲ့ မင်းကြိုက်တဲ့ အဖြူရောင်ပါ။ -လင်း-