အပိုင်း တစ်ဆယ့်ရှစ်
မေတ္တာမျှမိတဲ့ အဆိပ်တစ်ခွက်
ငါမှုတ်ထုတ်လိုက်ပြီး တိမ်ဆိုင်တွေအဖြစ် ပြောင်းလဲသွားတဲ့ ငါ့မျက်ရည်တွေ။ အချိန်တန်တော့ မိုးရေစက်တွေအနေနဲ့ ရွာချလာခဲ့တယ်။ မတည်မြဲခြင်းတွေကြားမှာ တည်မြဲနိုင်မယ်ထင်တာတွေ ဆုပ်ကိုင်ထားရင်း အကြိမ်ကြိမ်လွတ်ကျခဲ့ရ။
မင်းတိုက်တဲ့ အဆိပ်တစ်ခွက်။ ငါရင့်ကျက်စွာနဲ့ သောက်သုံးလိုက်တယ်။
လိုရင်ယူသုံးပါလို့ ခေါင်းစဉ်တပ်ထားလည်း မလိုလို့ ဖယ်ထုတ်ခံထားရမှတော့ ငါဟာ စွန့်ပစ်ပစ္စည်းတစ်ခုထက် မပိုခဲ့ဘူး။ ချစ်ပါတယ်လို့တောင် ပြောခွင့်မရှိတဲ့ လူတစ်ယောက်အတွက် လောကကြီးက ဘာတွေပြန်ကောင်းပေးလဲ။
စိတ်မထိန်းနိုင်တော့တဲ့ တနေ့က အရှေ့အနောက် မစဉ်းစားတတ်ဘူးလားလို့ အရပ်လေးမျက်နှာကိုကြည့်ပြီး ထွက်အော်လိုက်တာ ပွင့်လက်စပန်းတွေတောင် ပြန်ငုံသွားလေရဲ့။
မရည်ရွယ်ပါဘူးဆိုတဲ့ စကားနောက်မှာ ဖြစ်ပြီးသမျှဟာ ပြင်မရတော့ဘူး။ သဘာဝတရားကြီးလည်း အဆိပ်သင့်နေပြီ။ ပင်လယ်ရေတွေလည်း အဆိပ်သင့်နေပြီ။ ငါ့ကိုယ်မှာ ပျံ့နှံ့နေတဲ့ ဒီအဆိပ်တွေနဲ့ပဲ မေတ္တာမျှဖို့ကို ကြိုးစားနေရတော့မယ်။
...............
ညနေရောက်မှ တဖွဲဖွဲကျလာသော မိုးစက်တွေနဲ့အတူ မျက်စိရှေ့က ထင်းရှုးပင်နဲ့ ထီးရောင်စုံဆောင်းထားသော လူတွေ။ မိုးမသည်းပေမယ့် ရွာတာကတော့ရွာနေတာပါပဲ။ လူတွေကလည်း ဘယ်လိုနေနေ အပျော်ရှာကို ရှာနေကြတာပဲ။ အင်း...ဘယ်လိုဖြစ်ဖြစ် သူတို့ပျော်နေနိုင်ကြတာပဲ။ ပျော်နေနိုင်တာ ကောင်းပါတယ်။ အဆိုးမြင်တာ တစ်ခုတိုးရင် အကောင်းမြင်တာတစ်ခုရှာတဲ့။ ကိုယ့်ဆီမှာမြင်ကြည့်စရာ အကောင်းတွေမရှိတော့ရင် လောကကြီးဆီကနေ ယူငှားကြည့်ရမှာပေါ့။ ကိုယ်မဟုတ်တဲ့ အခြားလူတွေ၊ ကန်ထဲက ငါးတွေ ပြီးတော့ ထင်းရှုးပင်တွေ၊ မိုးရေစိုနေတဲ့ မြက်ခင်းပြင်၊ ဒါတွေလည်း အကောင်းမြင်စိတ်ပေးတာပါပဲ။ ပြီးတော့...လက်ထဲက ကော်ဖီပူပူလေးတစ်ခွက်။
![](https://img.wattpad.com/cover/141370349-288-k578704.jpg)
KAMU SEDANG MEMBACA
လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)
Puisiငါ့အချစ်က အတ္တတွေ မကင်းပေမဲ့ မင်းကြိုက်တဲ့ အဖြူရောင်ပါ။ -လင်း-