လောင်ကျွမ်းခြင်း

2.5K 227 10
                                    

အပိုင်း နှစ်ဆယ့်ခြောက်

လောင်ကျွမ်းခြင်း

ငါတို့ကြားမှာ လိုနေတဲ့အကွာအဝေးအတွက် မင်းကိုလည်း မဖိတ်ခေါ်ရက်သလို ငါဘက်ကလည်း မလှမ်းခဲ့နိုင်လို့ ဒီတိုင်းလေး မင်းပျောက်မသွားဖို့ပဲ ငါဆုတောင်းခဲ့တယ်။

ချစ်မိတဲ့သူက လက်ရှိကို မပိုင်ဆိုင်ရမှာကြောက်တဲ့အခါ ပိုချစ်မိတဲ့ငါက လက်ရှိကို ဆုံးရှုံးရမှာ ကြောက်ပါတယ်။ မဖြစ်နိုင်တဲ့ချစ်ခြင်းတွေရဲ့ အဆုံးသတ်ဟာ မျက်နှာချင်းဆိုင်ပြီး လွမ်းနေရတာမျိုးပေါ့။ မီးညှိပြီးမှ အကောင်းအတိုင်းလွှင့်ပစ်ခံရတဲ့ စီးကရက်ရဲ့ လောင်ကျွမ်းမှုလိုမျိုး။

ငါ့အချစ်က အတ္တတွေမကင်းပေမယ့် ပိုင်ဆိုင်လိုစိတ် မလျဉ်းမရှိတဲ့ မင်းကြိုက်တဲ့ အဖြူရောင်ပါ။

အားလုံးကြားအောင် မာန်တက်ရရင်တော့ မင်းကို ငါ့ထက်ချစ်နိုင်သူ မရှိဘူးလို့ စိတ်သန့်ရှင်းစွာနဲ့ လက်ခမောင်းခတ်ရဲပါတယ်။ ကြံကြံဖန်ဖန် ဂုဏ်ယူရရင်လည်း မင်းက ငါ့အပေါ် အပြည့်အဝ နားလည်နိုင်သူလို့ပြောပြီး တသက်လုံးစာ လိပ်ပြာသန့်သန့်နဲ့ ရှင်သန်သွားနိုင်ပါတယ်။

မီးညှိပြီးမှ အကောင်းအတိုင်းလွှင့်ပစ်ခံရတဲ့ စီးကရက်ရဲ့လောင်ကျွမ်းမှုလိုမျိုးပေါ့။ မင်းကိုမထိခိုက်စေရပါဘူး။ ငါကိုယ်တိုင်ပဲ လောင်ကျွမ်းပါ့မယ်။

...............

အေးအေးလူလူတဲ့။ နေ့တစ်နေ့မှာ ဘယ်အချိန်ဟာ အေးအေးလူလူလို့ ပြောနိုင်မလဲ။ မနက်ခင်းရဲ့နေခြည်ဖြာဖြာ မပွင့်တပွင့် လောကကြီးဆီကို အစပျိုးပေးတဲ့အချိန်ကို တနေ့တာရဲ့အေးအေးလူလူ အဖြစ်ဆုံးအချိန်လို့‌ ပြောရမလား။ ဒါမှမဟုတ် နေရောင်နုနု ကောင်းကင်တခွင်ကို အရိပ်အခြည်ပြနှုတ်ဆက်တတ်တဲ့ ညနေခင်းဟာ အေးအေးလူလူ သက်တောင့်သက်သာ အဖြစ်ဆုံး အချိန်လို့ ဆိုနိုင်မလား။

အမရပူရမြို့ဟောင်းခေါ် တောင်မြို့ရှိ စန္ဒာခြံဝန်းထဲမှာတော့ ဝင်လျင်ဝင်လာခြင်း အိမ်ရှေ့မြေကွက်လပ်ကျယ်တွင် ပန်းပင်တွေကို ရေလောင်းပေါင်းသင်နေသော အသက်ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်နှင့် သူ၏ခပ်လှမ်းလှမ်းတွင် ကြိမ်ပက်လက်ကုလားထိုင်မှာ အိပ်ပျော်နေသော လူရွယ်တစ်ယောက်ကို တွေ့ရမည်ဖြစ်သည်။ ထိုလူရွယ်၏ နံဘေး ကြိမ်စားပွဲခုံပုလေးပေါ်တွင် တင်ထားသော ပုဆိုးရောင်စုံအထပ်လိုက်နှင့် ဒီဇိုင်းစာအုပ်လေးဟာ ပွင့်လျက်သားပင်။ လူရွယ်ကတော့ မျက်လုံးများကိုမှိတ်၍ ထိုအချိန်သည် သူ့အတွက် အေးအေးလူလူ အနားယူသည့် အချိန်ဖြစ်သည့်အလား သက်တောင့်သက်သာပင် လှဲလျောင်းလျက်ရှိသည်။ သုံးမည့်ဒီဇိုင်းနှင့် အထည်၏ချည်ကို နမူနာပြထားသည့် စာအုပ်လေးထဲမှာတော့ ယက္ကန်းချည်အမျိုးအစားများကို ခွဲခြားရေးသားထားကာ ပစ္စည်းနမူနာပုဆိုးတွေကိုဖြင့် ထိုစားပွဲခုံလေးပေါ်မှာ အထပ်လိုက်တင်ထား၏။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now