အပိုင်း နှစ်ဆယ့်ငါး
ဘေးထွက်ဆိုးကျိုး
အလင်းတွေ ပျောက်ကွယ်နေတဲ့ လမ်းခရီးမှာ၊ ပြီးတော့ အလယ်ဗဟိုမှာ၊ အမှောင်ကိုအဖော်ပြုရင်း ငါရှိနေခဲ့တယ်။
ပိတ်လှောင်နေဆဲ နှလုံးသားနဲ့ မွန်းကျပ်တဲ့ အသက်ရှင်မှုမှာ၊ နေ့တွေညတွေဟာ ထိတ်လန့်ခြောက်ခြားလို့၊
နှစ်ဆယ့်တစ်ရာစုရဲ့ တော်လှန်ပုန်ကုန်မှုတွေဟာ ငါ့ရင်ထဲ ထိုးစစ်ဆင်ရင်း၊ မင်းခြေရင်းမှာ ဝပ်သွားခယခဲ့ရတယ်။
တရှိုက်မက်မက် စွဲလမ်းမိလို့...ရရှိလာတဲ့ ဘေးထွက်ဆိုးကျိုးတွေ။
အနည်ထိုင်နေပြီးမှ တစ်စဆီဖြိုခွဲခံလိုက်ရတဲ့ တိမ်တိုက်တွေအဖြစ်၊ ငါဘယ်သူ့ကိုအပြစ်တင်ရမလဲ။
..................
ညစာဒင်နာသွားစားတော့ မဆုံတာကြာပြီဖြစ်သော သူတို့သူငယ်ချင်းအုပ်စုပဲ ဖြစ်ပြီး အပြင်လူတွေမပါခဲ့။ မင်းမောင်က သူဒီည လင်းအိမ်မှာ တည်းမှာမို့ဆိုပြီး လင်းနဲ့ကားအတူစီးသလို၊ သက်လွင်ကတော့ အကြောင်းမရှိ လိုက်ပါသွားလေရဲ့။ သို့ဖြစ်၍ သုခလည်း သူတစ်ကိုယ်တော် တစ်စီး၊ ကျော်စွာလည်း တစ်ကိုယ်တော်တစ်စီးဖြင့် ချိန်းဆိုထားသည့် ရွှေဘဲစားတော်ဆက်သို့ သူတို့ငါးယောက် ရောက်ရှိလာကြသည်။
ကြိုတင်ဘိုကင်ချိတ်ထားပြီးရာ စားပွဲထိုးကောင်လေးက သူတို့စားပွဲရှိရာဆီ တန်းမှတ်၍ ခေါ်ဆောင်သွားပြီး နေရာပြပေးသည်။ သူတို့စားပွဲခုံမှာ ဒုတိယထပ်၏ နေရာကောင်းတစ်ခုကို ရထား၍ မှန်ဘောင်တွေအပြင်ဘက်က ကျုံး၏ညအလှကို တငေးတမောကြည့်နေချင်ပါကလည်း ရသေး၏။ သုခ သဘောကျစွာပဲ ထိုင်ခုံမှာမထိုင်ခင် မှန်ပြတင်းပေါက်ဆီ ကပ်၍ အပြင်ဘက်ကို လှမ်းကြည့်လိုက်ပါသေးသည်။ ပြီးတော့မှ ထိုင်မည်လုပ်တော့ လင်းက သူ့ဘေးက ခုံတစ်ခုကို ထုံးစံအတိုင်း ဆွဲထုတ်ပေး၏။ ဒီမြင်ကွင်း၊ ဒီအပြုအမူဟာ သူတို့အားလုံးအတွက် မြင်နေကြလိုမျိုး ဘယ်သူကမှ အထူးတလည် အဆန်းမလုပ်တော့။ ဒီသူငယ်ချင်းတွေဟာ ထိုင်ခုံနေရာယူကြတာတောင်မှ လင်းရဲ့ဘယ်ဘက်ဘေးတစ်ခုံ အလွတ်ထားပြီးမှ ဝင်ထိုင်ခဲ့ကြတာ မဟုတ်လား။ သုခကလည်း ဟိုနေရာမှာ ထိုင်ရမှ၊ ဒီနေရာမှာ ထိုင်ရမှဆိုပြီး အတွန့်မတက်ခဲ့ပါ။ လင်း ထိုင်ဆိုသည့် နေရာဟာ သူ့နေရာသာ ဖြစ်သည့်အတွက် အသာတကြည်သာ ထိုနေရာမှာ ဝင်ထိုင်ခဲ့သည်။
YOU ARE READING
လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)
Poetryငါ့အချစ်က အတ္တတွေ မကင်းပေမဲ့ မင်းကြိုက်တဲ့ အဖြူရောင်ပါ။ -လင်း-