ပစ္စုပ္ပန်ပျော်ရွှင်မှု

2.2K 238 25
                                    

အပိုင်း နှစ်ဆယ့်လေး

ပစ္စုပ္ပန်ပျော်ရွှင်မှု

တော်လောက်ပါပြီလို့ ဆုံးဖြတ်ရလောက်တဲ့အထိ ဒါဟာ ဘယ်နှစ်ကြိမ်မြောက် နာကျင်ရမှုလဲ။ အကြိမ်ကြိမ် ရုန်းထွက်လည်း ဘယ်တော့မှ မလွတ်မြောက်နိုင်ခဲ့ ပိတ်မိခြင်းတွေ။ ငါ့ဘဝမယ် မင်းရှိနေလို့သာ ခံသာခဲ့ရတယ်။

............

မွေးနေ့အလှူလုပ်ရာ ဘုန်းကြီးကျောင်းသို့ ထွက်လာသည့် အချိန်က နေထွက်နေပြီ ဖြစ်သော်လည်း နွေရာသီကဲ့သို့ ပူအိုက်မှုကိုတော့ မခံစားရ။ ကားလေအေးစက်ပင် ဖွင့်ထားရန်မလို။ ကျော်စွာက ဘုန်းကြီးတွေ နေ့ဆွမ်းကပ်ချိန် အမှီရောက်ရင် ရပြီဟုဆိုသော်လည်း သက်လွင်ကတော့ ဖုန်းခဏချင်းဆက်၍ မြန်မြန်လာခဲ့ပါဟု လှုံ့ဆော်နေသဖြင့် မသက်သာတော့သည့်အဆုံး မနက်ကိုးနာရီခွဲမှာ သုခပြည့်လျှံ ထွက်လာခဲ့ရခြင်းပင်။

သူအိမ်က မထွက်လာခင် လင်းကိုဖုန်းဆက်ကြည့်တော့ မင်းမောင်နှင့်ထွက်လာနေပြီဟု ပြောသည်။ မင်းမောင်က သိပ်လေပေါသဖြင့် တောင်ဆင်းလမ်းမှာ လင်း အာရုံများနေမလား စိုးရိမ်မိပါ၏။

သုခ ဘုရားကြီးဈေးအဖြတ်မှာ ကားအရှိန်ကိုလျှော့ပြီး လှမ်းမြင်နေရသည့် မဟာမြတ်မုနိဘုရားကြီးဝန်းထဲကို စိတ်ဖြင့်လှမ်းကာ ဖူးမျှော်လိုက်သည်။ တက္ကသိုလ်စာမေးပွဲနီးပြီဆို မေမေက သူ့တပည့်တွေအတွက် ခဏခဏ ဘုရားကြီးမျက်နှာသစ်တော်ရေကို ရေမန်းအဖြစ် သုခကို အယူလွှတ်သည်။ တစ်ခါယူလို့လည်း မလောက်၊ နှစ်ခါယူလို့လည်း မလောက်။ သုခမှာ ကုသိုလ်အရေးမို့ စိတ်ဆိုးရလည်းခက်ခက်။ မနက်အစောကြီးတစ်ယောက်တည်း ကားမမောင်းရဲတော့ ထိုအချိန်ဆို ‌သုံးလေးရက်လောက်ဟာ လင်းရဲ့အိမ်မှာ ညသွားအိပ်ရပြီး မနက်စာစားပြီးမှ အိမ်ပြန်ရသည်။

တစ်ချို့နေ့တွေကျ လင်းက စိတ်ရှည်လက်ရှည်နဲ့ သူကိုယ်တိုင် မျက်နှာသစ်ရေထဲ ထည့်ပူဇော်ဖို့အတွက် သနပ်ခါးတွေတောင်မှ ဝင်ပြီးသွေးပေးနေတတ်၏။ ပြီးရင် စစ်ကိုင်းတိုင်း၊ မုံရွာဘက်ကို ခေါ်သွားပြီး သူနဲ့အတူ သနပ်ခါးတုံးတွေ ရွေးဝယ်ပြီးလည်း ပြန်လာလှူတတ်သေးတယ်။ မေမေ့ကြောင့်တစ်မျိုး၊ လင်းကြောင့်တစ်ဖုံ သုခပြည့်လျှံမှာ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ဆိုသလိုပင်။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now