နောက်ကြောင်း

2.9K 292 20
                                    

အပိုင်း တစ်ဆယ့်လေး

နောက်ကြောင်း

တနေ့ပြီးတနေ့ အဆင်ပြေပါတယ်လို့ အသံသွင်းထားတဲ့ တိတ်ခွေတွေ ဖွင့်ပြတဲ့အခါ အတုလား အစစ်လား ဘယ်သူသိမလဲ။ သိပ်လှတဲ့ သက်တံတွေမှာလည်း နာကျင်စရာ နောက်ကြောင်းတွေ ရှိနေနိုင်တာပဲ မဟုတ်လား။ ဒါကရော အမှား၊ အမှန်...ထားလိုက်ပါတော့ ဘယ်သူသိမှာမို့လဲ။

ခပ်မြင့်မြင့်ပျံသန်းလို့ မရခဲ့တဲ့ နေ့တွေအကြောင်း၊ လိုချင်လွန်း၍ ရခဲ့သည်မဟုတ်သော ဘဝတွေအကြောင်း၊ လိပ်ပြာတောင်ပံတွေဟာ ထိလိုက်ရုံနဲ့ ဘာကြောင့် ကြွေမွသွားရတဲ့အကြောင်း။ ပြီးတော့ ငါတို့မကြည့်မိတဲ့ နောက်ကြောင်းတွေအကြောင်း။

ငါ ဘာတွေပြောနေလဲ မင်းသိလား။ မင်းမသိလည်း ထားလိုက်ပါတော့။

..........

သုခပြည့်လျှံ အလုပ်ပြီးသွားသဖြင့် ခြေဆန့်လက်ဆန့်လုပ်လိုက်သောအခါ ချည်သားလက်ရှည်အင်္ကျီအဖြူရောင်က လက်ချောင်းများ ဖုံးသည်ထိ လျှောကျလာခဲ့၏။ နဘေးမှာချထားသည့် ပြီးစီးသွားသော စာအုပ်တစ်ထပ်ကိုကြည့်ရင်း အလုပ်စားပွဲခုံမှ ထလိုက်သည်။ ပြီးသွားပြီဆိုတော့လည်း စိတ်တွေပေါ့သွားသလို ဖြစ်ပေမဲ့ နောက်ထပ်သွားယူရဦးမည့် စာအုပ်တွေအကြောင်း တွေးမိတော့ စိတ်လျှော့လို့တော့မရသေး။ သုခ ဆေးလိပ်ထွက်သောက်ဖို့ ပြတင်းပေါက်နားဆီမှာ မတ်တပ်ရပ်လိုက်ပြီး ဘောင်းဘီအိပ်ကပ်ထဲမှ ဖုန်းကိုထုတ်ကြည့်လိုက်သည်။ သူ့ဆီကို အဝင်မရောက်လာတာ ကြာပြီဖြစ်သည့် ဖုန်းနံပါတ်တစ်ခုကို မြင်တော့ ခဏမျှတွေဝေသွားပြီး သက်ပျင်းချလိုက်၏။ ပြင်ဦးလွင်မှာ သိပ်အလုပ်ရှုပ်နေလို့ ဖုန်းတောင်မဆက်တော့တာလား။

ရောင်နေ လက်ထောက်ဆရာဝန်ယူလာပေးသည့် လူနာမှတ်တမ်းနဲ့ ကိုယ်ရေးအကျဉ်းကို ဖိုင်တစ်ခုချင်းစီ ဖတ်ကြည့်နေသည်။ အပြင်လူနာနဲ့ အတွင်းလူနာကို သပ်သပ်စီခွဲပေးထားတာကြောင့် ဦးဆုံး အပြင်လူနာတွေရဲ့ဖိုင်ကို စစ်ကြည့်လိုက်၏။ ဒီနေ့အဖို့တော့ အပြင်လူနာထဲမှာ ထပ်ပြီးလာပြမည့် လူနာမရှိတော့။ အတွင်းလူနာကို ကြည့်တော့လည်း တွေ့ရမည့်အချိန်က ညနေမှဆိုတော့ လိုတာမှ တော်တော်လိုနေသေးသည်။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Wo Geschichten leben. Entdecke jetzt