အပိုင်း တစ်ဆယ့်ငါး
အမေ
မိုးတိမ်တွေလို လဲပြိုတဲ့အခါ တိုးဝေ့ခိုလှုံနိုင်မယ့် ရင်ခွင်တစ်ခုရဲ့ နွေးထွေးမှုမျိုးတော့ လိုအပ်ပါတယ်။ အမေရှိခဲ့ရင် ကောင်းမယ်။
ကလေးတစ်ယောက်ဟာ မိုးခြိမ်းသံနဲ့ လျှပ်စီးလက်သံကြား အခန်းထောင့်မှာ အေးစက်စက်ကွေးခဲ့ရတာ ဆိုးတယ်။
ဘာကိုမှမကြောက်ဘူးလို့ ကြွေးကြော်ရဲလား။
အားကိုးစရာ၊ ပြေးဝင်စရာ နွေးထွေးတဲ့ ရင်ခွင်တစ်ခုရှိနေဖို့လိုတယ်။ ကျွန်တော့်ဘေးမှာ အမေရှိခဲ့ရင် ကောင်းမယ်။
...........
အိမ်အပေါ်ထပ် ဘုရားခန်းရှေ့က ဘဲဥဝိုင်းပုံစံရှိသည့် စာရေးစားပွဲခုံတစ်ခုမှာ မျက်နှာချင်းဆိုင်ထိုင်ရင်း ကိုယ့်ကျောင်းစာကိုယ်လုပ်ကာ ညအချိန်ကို တူညီစွာ ဖြတ်သန်းနေသော ညီအစ်ကိုနှစ်ယောက်။ ပြင်ဦးလွင်ရဲ့ မိုးရာသီအချမ်းဓာတ်ကြောင့် ခန္ဓာကိုယ်ကို စောင်နှင့်ပတ်ပြီးလုံးထားသည်မှာ ကြည့်ရတာ မုန့်ဖက်ထုပ်လေးနှစ်ထပ် ငုတ်တုပ်ထောင်ထားသလိုပင်။
ရောင်နေ ရှစ်တန်းနှစ်မှာ စပြီးသင်ရသည့် သူသဘောအကျဆုံး သင်္ချာနှစ်ကို တွက်မည့်ရည်ရွယ်ချက်ဖြင့် စာအုပ်ကို ဖြတ်ခနဲဆွဲယူလိုက်ရာ ချော်ပြီးထွက်ကျလာသော ဓာတ်ပုံလေးကို အလျင်အမြန် ဖမ်းမထားနိုင်ခဲ့လိုက်ပါ။ ကပျာကယာဖြင့် လွယ်အိတ်ထဲသို့ ပြန်လည်ကောက်သိမ်းလိုက်သော်လည်း ကလေးက မြင်ဖြစ်အောင် မြင်လို့သွားခဲ့သည်။
"ဟင်းဟင်း ကိုကိုနော် သားသိတယ်ဗျ။"
ဘောပင်အစွန်းနဲ့ ခုံစောင်းကို ခေါက်နေရင်းမှ ကလေးက မေးတငေါ့ငေါ့၊ နှုတ်ခမ်းတရွဲ့ရွဲ့ဖြင့် ရောင်နေအား ကြည့်လာသည့်အခါ လွယ်အိတ်ထဲသို့ ပြန်မရောက်တရောက် အခြေအနေမှ ဓာတ်ပုံကို ဆွဲထုတ်ယူ၍ ကိုယ်တော်အား ဆက်သလိုက်ရတော့သည်။
ဒီလိုကိစ္စတွေ ငယ်သေးသည့်ကလေးကို သိအောင်မလုပ်သင့်ဘူးလို့ မိမိကိုယ်ကို အပြစ်တင်ရင်း ရောင်နေ ရှက်ရှက်ဖြင့် လက်ဆစ်တွေ တစ်ချောင်းပြီးတစ်ချောင်း ချိုးနေမိ၏။ ဝိုးတိုးဝါးတာရိုက်ထားသည့် ပုံလေးကို ကလေးက မျက်မှောင်ကျုံ့ရင်း ကြည့်နေရာမှ နှုတ်ခမ်းတစ်ချက်လှုပ်သွားတိုင်း ဘာများပြောတော့မှာလဲဟု ရောင်နေ ရင်တမမဖြင့် စောင့်နေမိတာက နှလုံးရောဂါပင် ရတော့မလားပင်။
YOU ARE READING
လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)
Poetryငါ့အချစ်က အတ္တတွေ မကင်းပေမဲ့ မင်းကြိုက်တဲ့ အဖြူရောင်ပါ။ -လင်း-