Chapter 13

182 18 1
                                    

{Unicode}

Translators - Li Zhen & Xiao Chong

ရှန်ကျွမ့်အား လင်းယွီကျင်းပေးလာသည့် ချိုချဉ်ချောင်းမှာ Marshmallow နှင့် အတူဝယ်လာခဲ့သည်များ ဖြစ်သည်။ ထိုအချိန်က သူမက အများအပြား ဝယ်ယူလာခဲ့ပြီး အရသာတစ်မျိုးလျှင် တစ်ချောင်းစီ ရွေးယူလာခဲ့သည်။ လက်ရှိ သူမအိတ်ကပ်ထဲ၌ပင် တချို့တလေ ရှိနေသေးသည်။ လင်းယွီကျင်းက ထိုချိုချဉ်အားလုံး ထုတ်ယူကာ ကျောင်းတွင် ချန်ထားခဲ့ပြီး ကိုယ်ပိုင်စာလေ့လာရသည့်အချိန်များ၊ လုပ်စရာမရှိသည့်အချိန်များတွင် ထုတ်စားလေ့ရှိသည်။

ဝမ်ယိယန်မှာ အတော်လေး ပေါင်းသင်းရလွယ်ကူသူမျိုး ဖြစ်သည်။ သူက လင်းယွီကျင်းအား ယခင်က နှစ်ကြိမ်မျှ တွေ့ဆုံဖူးပြီး ကျောင်းတွင် ပြန်ဆုံသည်မို့ 'အလွန်အမင်း ဖော်ရွေတတ်သော ကံစပ်သည့် သူငယ်ချင်းလေး' အဖြစ် သူမအား သတ်မှတ်လိုက်သည်။ သူ့ထိုင်ခုံမှာ လင်းယွီကျင်း၏ အရှေ့တွင် ဖြစ်သည်မို့ နေ့လယ်ခင်းတစ်ပိုင်းလုံးတွင် နောက်ဘက်ရှိ စားပွဲခုံအား သူ့ထိုင်ခုံအဖြစ်သတ်မှတ်ကာ စာသင်ချိန် တစ်ချိန်စီတိုင်း၌ အချိန်တဝက်ခန့်မျှကို နောက်လှည့်၍ စကားပြောလာသည်။

အဆုံးတွင်မူ သူ၏ အဆုံးမသတ်နိုင်သော ပေါက်ပေါက်ဖောက်နေခြင်းအား ရှန်ကျွမ့် ဆက်လက်သည်းမခံနိုင်တော့ပေ။ သူ့လက်ထဲရှိ ဘောပင်ကို ပစ်ချကာ ဝမ်ယိယန်ထံ မျက်နှာသေဖြင့် လှမ်းကြည့်လာသည်။

"ဝမ်ယိယန်... ပါးစပ်ပိတ်ပြီး သွားလိုက်တော့"

ဝမ်ယိယန်မှာ ချက်ချင်းဆိုသလို ပါးစပ်အား ဇစ်ဆွဲပိတ်သည့်ပုံစံ ပြုလုပ်ပြီးနောက် တချက်မျှပင် ခိုးမကြည့်ပဲ လိမ်လိမ်မာမာဖြင့် ရှေ့ပြန်လှည့်သွားသည်။

သူ့အဖေ၏ စကားအား အလွန်ပင် နာခံပုံရသည်။

ပိတ်ရက်နီးကပ်နေပြီဖြစ်သည့် သောကြာနေ့ နေ့လယ်ပိုင်း ဖြစ်သည်နှင့်အညီ လူတိုင်း၏ အတွေးများကား ပျံ့လွင့်လျက်ရှိသည်။ နောက်ဆုံးအတန်းချိန်မှာ ကိုယ်ပိုင်စာလေ့လာရသည့်အချိန်ဖြစ်ကာ လင်းယွီကျင်းမှာ အစောကြီးထထားရပြီး ပင်ပန်းနေသည်မို့ အင်္ဂလိပ်စာ လေ့ကျင့်ခန်းနှစ်ရွက် ပြီးသည်နှင့် တရေးအိပ်ရန် ရည်ရွယ်ချက်ဖြင့် စားပွဲပေါ် ခေါင်းမှောက်လိုက်သည်။

DDBM - Bai Re Meng Wo [ ဘာသာပြန် ]Where stories live. Discover now