(၂၀)

992 98 25
                                    

Unicode

စေ့စပ်ပြီးနောက် တစ်လမျှကြာသောအခါတွင် သော်နှင့်စု လက်ထပ်ခဲ့ကြပါသည်။ တစ်ယောက်၏လက်ကို တစ်ယောက်က ကိုင်၍ စေ့စပ်လက်စွပ်များ အပြန်အလှန်ဝတ်ဆင်ပေးနေကြမည့် သော်နှင့်စုကို ရင်နာနာဖြင့် ငေးမောကြည့်ရမှာနှင့်စာလျှင် အဆောင်မှာ ခွေအိပ်ကာ တိတ်တိတ်ကလေး ခိုးငိုနေဖို့ကိုသာ ရွေးချယ်ခဲ့မိပါသည်။

ထို့အပြင် ကျွန်တော် သော့်မျက်နှာကိုလည်း မကြည့်ချင်နေခဲ့ပါ။ စုနှင့်မျက်နှာချင်းဆိုင်ရမည်ကိုလည်း များစွာရှက်ရွံ့နေမိသောကြောင့်လည်း ပါသည်။

သော် လက်မထပ်မီ နှစ်ပတ်လောက်အလိုက ဖြစ်မည်ထင်သည်။ ကျွန်တော် စုကို တစ်နေရာရာမှာ တွေ့ကြဖို့ ချိန်းခဲ့သည်။ စေ့စပ်ရုံမျှသာဖြစ်၍ သော်ဟာ စုအပိုင်မဟုတ်သေးဘူးဟု ကျွန်တော် သတ်မှတ်ထားခဲ့၍ပင်။

"ငါ မင်းကို မချစ်ရဲဘူး" ဆိုတဲ့ မရေရာသော ဝန်ခံချက်လေးတစ်ခုကို ကိုင်စွဲ၍ စုကို အရာအားလုံးပြောပြလိုက်ကာ သော်အနားမှ ထွက်သွားစေရန် ရည်ရွယ်ခဲ့ပါ၏။ မည်မျှရူးနှမ်းလိုက်ပါသလဲ။ မည်မျှတုံးအ ကာ ဆင်ခြင်တုံတရားနည်းလိုက်ပါသနည်း။

သော့်အနားမှာ လေးနှစ်နီးပါးမျှ အေးအတူပူအမျှရှိခဲ့သော ထိုမိန်းမ၊ သော်၏ စိတ်နှင့်ခန္ဓာကိုယ်ကိုပါ အပိုင်စားရထားသော မိန်းမတစ်ယောက်၏ အချစ်နှင့် ဒေါသကို ကျွန်တော် များစွာ လျှော့တွက်ခဲ့မိလေသည်။

"သော်က စုကို မချစ်ပါဘူး၊ သော်ချစ်တာ အခြားတစ်ယောက်ကိုပါ.."

ထိုအချိန်တုန်းက ပေါ့ပေါ့ပါးပါးကလေး ရယ်မောနေခဲ့သော စုသည် သော်နှင့်ပတ်သက်၍ များစွာ ယုံကြည်မှုရှိခဲ့ဟန်ပေါ်လေသည်။ ကျွန်တော်နှင့် ခြားနားစွာဖြင့်။

"သုတဇော်က မောင့်ကို ချစ်နေတာလား"

စုသည် မောင် ချစ်နေတာက သုတဇော်လားဟု မေးရမည့်အစား သုတဇော်က မောင့်ကို ချစ်နေတာလားဟုသာ ပြန်မေးခဲ့ပါသည်။ ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး ချောက်နက်ကြီးထဲ ပြုတ်ကျသွားသလို အေးစိမ့်သွားသည်။ စုက သူမ၏ချစ်သူမောင်ကို သံသယမဝင်ခဲ့။ သော်ဟာ သူမမှတစ်ပါး အခြားတစ်ယောက်နှင့် ဇာတ်လမ်းရှုပ်ထားလိမ့်မည်မဟုတ်ဟု ယုံကြည်စိတ်ချနေခဲ့၏။ စု စိတ်မချဖြစ်ခဲ့သူမှာ သော်မဟုတ်ဘဲ ကျွန်တော်သာဖြစ်ခဲ့ပါ၏။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါWhere stories live. Discover now