Episode - 6

3.5K 341 35
                                    

" မာန်ဝင့်၊ ဒီနေ့ အဖေနဲ့ ကုမ္ပဏီကိုလိုက်ခဲ့ရမယ် "

အောက်ထပ်သို့ဆင်းကာ အပြင်သို့ထွက်မည့် ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားရသည်၊

မျက်စိမှုံနေတာလား... အတိတ်မေ့သွားတာလား...

ကျောင်းသွားဖို့ အဖြူ နဲ့အစိမ်းဝတ်ထားတာ မမြင်ဘူးလား...

ကျောင်းဖွင့်ရက်ကိုမှ ကုမ္ပဏီကိုလိုက်ခဲ့ဖို့ ခေါ်ရလား...

မျက်စိမှုံတယ်တော့မထင် ဒီအသက်အရွယ်ရောက်နေသည့်တိုင် ကျန်းမာရေးဂရုစိုက်လွန်းသော ဦးပိုင်ရှိန်က မျက်မှန်ပင်တပ်စရာမလိုသေး...

အတိတ်မေ့နေသည်လည်း မဖြစ်နိုင်... နှစ်ဘယ်လောက်ကြာကြာ မည်သည့်အဖြစ်အပျက်ကိုမဆို မေးလျှင် ဒိုးခနဲ ဒေါက်ခနဲ ချက်ချင်းပြန်ဖြေနိုင်တဲ့လူစား...

ဒါဆို ဘာလဲ...

" ကျွန်တော် ငြင်းခွင့်ရှိမလား "

ကျောပိုးအိတ်ကြိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း သေချာသောအဖြေရှိနေသည့် မေးခွန်းကို မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်၊

" အခုချက်ချင်း အဝတ်အစားသွားလဲတော့ မာန်ဝင့်၊ နောက်ကျလို့မရဘူး "

ဒါပါပဲ... အများအမြင်မှာ သားဖြစ်သူကို ခွင့်တောင်းနေတယ်လို့ထင်ပေမယ့် တကယ်တမ်းကျ အမိန့်ထုတ်လိုက်တာပါပဲ... ငြင်းဆိုခွင့်မရှိတဲ့ အမိန့်တစ်ခုသက်သက်...

တကယ်ကိုမလွယ်တဲ့ လူတွေ... သူတို့အပေါ် မှီခိုနေရမှန်းသိရင် အာဏာသိပ်ပြချင်တာ... သူတို့ဘာကောင်လဲဆိုတာ နဂါးမှန်းသိအောင် အမောက်ထောင်ပြချင်ကြတဲ့ လူတွေ...

ဘာမှမတတ်နိုင်သေးတဲ့ အခြေအနေမှာတော့ ခေါင်းငုံ့ထားရဦးမှာပဲလေ... ဘယ်တတ်နိုင်မှာလဲ... ရှေ့တစ်လှမ်းတက်ဖို့ နောက်တစ်လှမ်းဆုတ်ထားရမှာပေါ့...

အခန်းထဲသို့ပြန်ဝင်ကာ ဝတ်ထားသော အဖြူ နှင့်အစိမ်းအားချွတ်ကာ ဗီရိုကိုဖွင့်လိုက်သည်၊ ထို့နောက် အမည်းရောင် pants နှင့် ရှပ်အင်္ကျီ အဖြူ ရောင်ကို သေသပ်ကျနစွာ ဝတ်ဆင်လိုက်သည်၊ ခပ်အုပ်အုပ်ကျနေသော ရှေ့ဆံပင်တို့ကို ဂျယ်လ်အနည်းငယ်သုံးကာ ထောင်လိုက်ရင်း နဖူးကိုရှင်းရှင်းလင်းလင်းထားလိုက်သည်၊

သီအိုရမ် ၁၅၀၀ Where stories live. Discover now