Episode - 18

1.9K 187 16
                                    

ယနေ့ သူဌေးပြန်လာမည်ဖြစ်သောကြောင့် ဒီပ လေဆိပ်သို့စောစောထွက်လာခဲ့မိသည်၊

အလုပ်သို့လည်းမသွားရသဖြင့် အိမ်တွင်အိပ်လိုက်စားလိုက်ဖြင့်သာ အချိန်ကုန်နေတော့သည်၊

အချိန်ကလည်းစောနေသေးသဖြင့် နေရာလွတ်တစ်ခုတွင်အေးဆေးထိုင်နေလိုက်သည်၊ ထို့နောက် ဖုန်းကိုဖွင့်ကြည့်ကာ မြင်နေရသော wallpaper ကြောင့် ပြုံးမိလိုက်သည်၊ တင်ထားသောပုံလေးမှာ ဒီပကိုမာန်ဝင့်စက်ဘီးစီးသင်ပေးသည့်နေ့တွင်ရိုက်ခဲ့သောပုံလေးဖြစ်သည်၊ ဘာရယ်မဟုတ် ထိုပုံလေးမြင်နေရလျှင် သဘောကျကာ အမြဲပြုံးနေမိသည်၊ မိမိဖုန်းကိုလည်း မိမိကလွဲ အခြားသူများအား မကိုင်ခိုင်းခဲ့ပေ၊ finger print systemဖြစ်သည့်အတွက်လည်း ထိုသို့ထားနိုင်ခြင်းဖြစ်သည်၊ ယခုအချိန်ထိ မာန်ဝင့်အပေါ်မရိုးသားသောစိတ်များရှိနေသေးသည်ကိုတော့ ဝန်ခံရမည်၊ ပြန်တွေ့တွေ့ချင်း မာန်ဝင့်ဘက်မှ သူစိမ်းဆန်ဆန်ဆက်ဆံလာသည့်အချိန်တွင်တော့ ဝမ်းနည်းမိရုံမှတစ်ပါး မုန်းသောခံစားချက်မျိုးမဖြစ်မိပေ၊ ယခုအချိန်တွင်တော့ ပြန်အဆင်ပြေလာပြီဖြစ်၍ ဒီပစိတ်ချမ်းသာလာရသည်၊

" ဟဲ့ ဒီပ "

အတွေးယာဉ်ထဲနစ်မျောနေရင်း ပုခုံးသို့လာပုတ်ကာ ခေါ်သံကြောင့် လန့်သွားကာ ဖုန်းကိုအမြန်ပိတ်လိုက်မိသည်၊

အနောက်သို့လှည့်ကြည့်လိုက်တော့ မြင်ရသည်မှာ လဲ့ဖြစ်နေ၍ သက်ပြင်းခိုးချမိသည်၊ ဖုန်းထဲရှိပုံအားမြင်သွားလျှင် မကောင်းပေ၊

" လန့်လိုက်တာ လဲ့ရာ "

" ဘာတွေမဟုတ်တာလုပ်လို့လန့်နေတာလဲ "

" မဟုတ်ပါဘူးဟာ ရုတ်တရက်မလို့ပါ၊ နေပါဦး နင်ကလေဆိပ်ဘာလာလုပ်တာ "

ခရီးသွားမည်လားဟုတွေးမိသော်လည်း လဲ့တွင်ဘာအထုပ်မှမပါပေ၊

" ကိုကို့ကိုလာကြိုတာလေ ဒီနေ့ပြန်လာမှာ "

ကိုကို?... သြော် မာန်ဝင့်ကိုပြောတာပဲ...

လဲ့ပြောမှသတိထားမိသည်၊ သူဌေးနှင့် မာန်ဝင့် ဂျပန်သို့အတူသွားသည်ကို ယခုမှပြန်သတိရမိသည်၊ မာန်ဝင့်ကိုတွေ့ရမည်ဟူသောအတွေးနှင့်ပင် ရင်အနည်းငယ်ခုန်သွားသည်ကို ဒီပသတိထားမိလိုက်ပါသည်၊

သီအိုရမ် ၁၅၀၀ Where stories live. Discover now