{Unicode}
ဦးနဲ့ အတူတူ ရပ်နေတယ်ဆိုတဲ့ ခံစားချက်။ Eunbi ရဲ့ ညာဘက်ဘေးမှာ ကျောင်းအုတ်တံတိုင်းကို မီပြီး ရပ်နေတဲ့ ဦးကို ဖြတ်သွားဖြတ်လာ မိန်းကလေးအချို့က ကြည့်သွားကြသည်။ ပြီးတော့ ဦးဘေးမှာ ကပ်ပြီး ရပ်နေတဲ့ ဟောဒီ့က Min Eunbi လေးဆီကို မျက်လုံးတွေက ရောက်လာတတ်ကြသည်။
နိုး နိုး၊ ဟောဒီ့က Eunbi လေး လုံးဝ လုံးဝ မနေတတ်ပါရှင်။ ဘေးက ဦးက တော်တော် ဆွဲဆောင်မှုရှိနေတာကိုပဲ အပြစ်တင်ချင်မိသည်။ Eunbi တကယ် မနေတတ်တာမို့ ဖုန်းထဲကိုသာ ခေါင်းဝင်မတက် ကြည့်နေလိုက်တော့သည်။
ဘေးက ဦးကတော့ ဟိုကြည့် သည်ကြည့်နှင့် တကယ်ကို ဘယ်လိုလေးမှန်းမသိ။ စိတ်ရှိတိုင်းသာဆို ဆွဲပြီး ကိုင်ပေါက်လိုက်ချင်သည်။ သို့သော်လည်း နိုင်မှ မနိုင်ဘဲလေ၊ စိတ်လျှော့ပေါ့ Eunbi လေးရယ်။
"ကလေးက ဖုန်းသုံးရတာ သဘောကျတယ်လား"
"ရှင်?အဲ့လိုလည်း မဟုတ်ပါဘူး။ ဟို... ဘာမှလည်း လုပ်စရာ မရှိတာနဲ့..."
"အော်... ဒါနဲ့ မနက်စာ စားပြီးပြီလား"
မနက်စာ၊ အင်း။ မနက်က လောနေတာနှင့် မနက်စာ စားမလာခဲ့ပေ။ ပြောမှပဲ ဗိုက်က ဆာလာသလိုလိုပင်။ ဒုက္ခပဲ Eunbi က အဆာမခံနိုင်ပါဘူးဆိုမှ။
"မစားရသေးဘူး ဦး..."
"ဟာ... အတော်ပဲ၊ အောင်စာရင်း ကြည့်ပြီးရင် ဦးနဲ့အတူ လိုက်စားပါလား..."
အင်း၊ နားရှိလို့သာ ကြားရသည်။ ကိုယ့်နားကိုတောင် သိပ်မယုံကြည်ချင်။ မနက်စာ အတူတူ လိုက်စားရမည် ဆိုပဲ။ မစားရသေးတာနဲ့ အတော်ပဲ ဆိုတော့ကာ။
"ဟုတ်ကဲ့ ဦး၊ တကယ်တော့ Eunbi လည်း အဆာမခံနိုင်ဘူး... ဟီး..."
"ဟုတ်ပါပြီ"
စကားလည်း တစ်လုံးတစ်လေမှ မပြောဖြစ်ဘဲ ဆက်စောင့်နေကြရင်းမှ 9 နာရီ ထိုးရန် ငါးမိနစ်အလိုသို့ ရောက်ရှိလာသည်။ ကျောင်းရှေ့တွင် ကျောင်းသား ကျောင်းသူအချို့ ရောက်နေကြသော်လည်း အများကြီးတော့ မဟုတ်ပေ။ အခုခေတ်မှာ အများစုက online ကနေပဲ အောင်စာရင်း ကြည့်ကြတော့မှာ ပေါ့လေ။ Eunbi ကတော့ ကိုယ်တိုင် လာကြည့်မိတာကိုပဲ ပျော်လို့မဆုံး၊ အဟီး၊ ဦးရဲ့ အစွမ်းတွေပါပဲ။