{Unicode}
ကျောင်းဆင်းချိန်မှာ Jungkook တစ်ယောက် Eunbi တို့ ကျောင်းရှေ့ သွားစောင့်နေမိသည်။ bell တီးပြီး မကြာခင်မှာပဲ Eunbi က သူမရဲ့ သူငယ်ချင်းနဲ့ လက်ချင်းချိတ်ပြီး စကားများရင်း ထွက်လာသည်ကို လှမ်းမြင်လိုက်ရသည်။
ထွက်လာတာတောင် ရိုးရိုးမဟုတ်ဘူး။ ကျောပိုးအိတ်ကို ရှေ့မှာ လွယ်ပြီး မုန့်ကိုလည်း ကိုင်ထားသေးသည်။ လမ်းလျှောက်ပုံက ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်နဲ့။ ဘယ်လိုလေးမှန်း မသိ။ မုန့်စားလိုက် စကားများလိုက် ဘေးကသူငယ်ချင်း ပါးစပ်ထဲ မုန့်ထိုးထည့်လိုက်ဖြင့်။ တစ်ချက်တစ်ချက် အားရပါးရ ရယ်နေသေးတာ။
Jungkook Eunbi ကို ကြည့်ရင်း ရယ်နေမိသည်။ တကယ် ချစ်ဖို့ကောင်းနေတာလေး။ Jungkook ကားပေါ်က ဆင်းရင်း Eunbi ဆီ လျှောက်လာတဲ့အထိ သူမက Jungkook ကို မမြင်ပေ။ Jungkook ခေါ်လိုက်မှပဲ ပြူးကြည့်လာတဲ့ ကလေးလေး။
"ဦး"
Eunbi က မြန်မြန်ဆန်ဆန်ပဲ ကျောပိုးအိတ်ကို နောက်မှာ ပြန်ပြောင်းလွယ်လိုက်သည်။ မုန့်ကို အမြန်မျိုချရင်း ဟီးခနဲ ရယ်ပြလိုက်ပုံက Jungkook ကို အချစ်တွေ တိုးအောင် လုပ်ဆောင်လိုက်သလိုမျိုး။
"တာ့တာ Soo... မနက်ဖြန်မှ ဆက်ပြောမယ်။ ဟင်းဟင်းဟင်း..."
Eunbi က သူနဲ့ အတူထွက်လာတဲ့ ကောင်မလေးကို နှုတ်ဆက်တော့ ထိုကောင်မလေးလည်း Eunbi ကို နှုတ်ဆက်ပြီး ထွက်သွားသည်။
"ဘာအကြောင်းတွေ ပြောနေကြတာလဲ ကလေး"
"ဦးကို မခေါ်ပါဘူး... စိတ်ဆိုးနေတယ်"
Eunbi Jungkook ကို မျက်စောင်းလေး ထိုးရင်း ရှေ့က ထွက်သွားတာမို့ Jungkook သဘောတကျ ရယ်လိုက်မိသည်။ စိတ်ဆိုးပြီး ထွက်သွားပုံလေးကလည်း။ Jungkook လည်း သူမလေး နောက်က လိုက်သွားရင်း လက်လေးဆွဲကာ ကားရှိရာဆီ ခေါ်လာမိတော့သည်။ Eunbi က စကား တစ်ခွန်းမှ မပြောဘဲ ဆွဲခေါ်ရာ ပါလာခဲ့တာပင်။
"ကလေး..."
Eunbi ပြန်မထူးမိ။ ပြန်မထူးဘူး ဆိုတာလည်း မထူးချင်လို့ပေါ့။ party က ကိစ္စကို ကျေနပ်နေတာမှ မဟုတ်တာ။ သူငယ်ချင်းတွေနဲ့ မို့လို့သာ ပျော်သလို နေနေတာ။ စိတ်ထဲက အဆင်ပြေမနေဘူး တကယ်။